၁ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
မြန်မာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ယခုအောက်တိုဘာလအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လာရောက်မှာဖြစ်တယ်လို့ မလေးရှားနိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ (၃၀) ရက်မှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်များနဲ့ ပဋိပက္ခကြောင့် မလေးရှားနိုင်ငံသို့ ထွက်ပြေးလာသူများအား ပြန်လည် ပို့ဆောင်ရေး နှစ်နိုင်ငံ အကြား ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေစဉ် မြန်မာ သမ္မတရဲ့ မလေးရှား ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စေလွှတ်လိုက်တဲ့ သင်္ဘော (၃) စီးနဲ့ မလေးရှားက မြန်မာနိုင်ငံသား (၁၅၀၀) ခန့်ကို စက်တင်ဘာ (၂၉)ရက်က ပြန်ပို့လိုက်တယ်လို့ မလေးရှား အာဏာပိုင်များက ပြောကြားထားပါတယ်။
မြန်မာနိုင်ငံသို့ ပြန်ပို့မယ့် ဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ကြောင်း အသိပေး ပြောဆိုထားတဲ့ကြားကနေပဲ မလေးရှားနိုင်ငံက စီစဉ်ထားသည့်အတိုင်း ဒုက္ခသည်များအား ပြန်လည် ပို့ဆောင်တာ ဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် အောက်တိုဘာလအတွင်း ကွာလာလမ်ပူသို့ လာရောက်မယ်လို့ မျှော်လင့်ရတာကြောင့် အခြား ပြည်ပ ခေါင်းဆောင် အချို့လည်း လာရောက်ဖို့ ရှိကြောင်း မလေးရှား အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆက်သွယ်ရေး ဝန်ကြီး ဆက်ဇီးလ်အား ကိုးကားပြီး မလေးရှား နိုင်ငံပိုင် Bernama သတင်းဌာနက စက်တင်ဘာ ၃၀ ရက်က ဖော်ပြပါတယ်။
မလေးရှားက ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေး အစီအစဉ် ဒုတိယ အသုတ်အနေနဲ့ မြန်မာနိုင်ငံသို့ ဒုက္ခသည် (၃၅၂၄) ဦး ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့လည်း မလေးရှား အစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောကြားပါတယ်။
ဒုက္ခသည်များအား ထပ်မံ ပို့ဆောင်ရေး မြန်မာ အာဏာပိုင်တွေနဲ့ နောက်ထပ် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ပြောကြားထားကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြား ပါတယ်။
မလေးရှားက မြန်မာနိုင်ငံသို့ ပြန်ပို့မယ့် ဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှု မရှိဘဲ ပြန်လည် ပို့ဆောင်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဝန်ကြီးချုပ် အန်ဝါက ပယ်ချထားပြီး မိမိတို့ အနေနဲ့ ဒုက္ခသည်တွေကို နှင်ထုတ်နေတာ မဟုတ်ဘဲ နှစ်နိုင်ငံကြား အမှန်တကယ် ညှိနှိုင်းပြီးမှ ပို့ဆောင်တာ ဖြစ်တယ်လို့ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်ရရှိဖို့ ကြိုးပမ်းသူတွေထဲ မြန်မာနိုင်ငံသား အများစု ပါဝင်ကာ မိမိတို့ နိုင်ငံ အပေါ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ရှိလာစေပြီး လုံခြုံရေး အန္တရာယ် စိုးရိမ်နေရတာကြောင့် ယခုလို ဖြေရှင်းဖို့ ကြိုးပမ်းတာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါက ဆက်လက်ပြောကြားပါတယ်။

