Language:

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ (၁၀) ရက်ကြာ ပြုလုပ်မယ်


(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ (၁၀) ရက်ကြာ ပြုလုပ်မယ်

၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

NPW

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ (၈) ရက်ကနေ (၁၇) ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။

ပြပွဲမှာ ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်း(A)အုပ်စု အတွဲ ၃၅၀၊ (B)အုပ်စု အတွဲ ၁၂၅၅၊ (C)အုပ်စု အတွဲ ၁၄၆၈၊ စုစုပေါင်း ကျောက်စိမ်းအတွဲ ၃၀၇၃ တွဲ တို့ကို သတ်မှတ်ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

ပုလဲအတွဲတွေအတွက် အခြေဈေးနှုန်းကို အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ကာ တန်ဖိုးငွေပေးချေတာကို အမေရိကန်ဒေါ်လာ သို့မဟုတ် ခွင့်ပြုသတ်မှတ်ထားတဲ့ နိုင်ငံခြားသုံးငွေအမျိုးအစားနဲ့ ပေးချေရမှာဖြစ်ပါတယ်။

ကျောက်မျက်အတွဲတွေ၊ ကျောက်စိမ်း အုပ်စု (A)နဲ့ (B)က အတွဲတွေနဲ့ ကျောက်စိမ်းအချောထည်အတွဲတွေ အတွက် အခြေခံဈေးနှုန်းကိုလည်း အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ပြီး တန်ဖိုးငွေပေးချေတာကို အမေရိကန်ဒေါ်လာ သို့မဟုတ် အမေရိကန်ဒေါ်လာနဲ့ညီမျှတဲ့ ယူရိုငွေ သို့မဟုတ်၊ ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေ သို့မဟုတ် ဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေအမျိုးအစားနဲ့ ပေးချေရမှာဖြစ်ပါတယ်။

အခြေခံဈေးနှုန်းတွေအနေနဲ့ ပုလဲအတွဲတွေအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့အထက်၊ ကျောက်မျက်အတွဲတွေအတွက် အမေရိကန်ဒေါ်လာ ၅၀၀ နဲ့အထက်၊ (A) နဲ့ (B) အုပ်စုက ကျောက်စိမ်း အတွဲတွေအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ အထက်၊ ကျောက်စိမ်းအချောထည်အတွဲတွေအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့ အထက် သတ်မှတ်ထားပါတယ်။

ကုန်သည်တွေအနေနဲ့ ကျောက်မျက်ရတနာအမျိုးအစားအလိုက် ပုလဲအတွဲအတွက် အာမခံစပေါ်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၊ ကျောက်မျက်အတွဲတွေအတွက် အာမခံစပေါ်ငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ သတ်မှတ်ပြီး ဝယ်ယူခွင့်ပြုမယ့် ကျောက်အတွဲတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀၀၀၊ (A)အုပ်စုက ကျောက်စိမ်းအတွဲတွေအတွက် အာမခံစပေါ်ငွေ အမေရိကန်ဒေါ်လာ ၄၀၀၀၀ သတ်မှတ်ပြီး ဝယ်ယူခွင့်ပြုမယ့် ကျောက်အတွဲတန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၀၀၀၀၊ (B)အုပ်စုက ကျောက်စိမ်းအတွဲတွေအတွက် အာမခံစပေါ်ငွေ အမေရိကန်ဒေါ်လာ ၂၀၀၀၀ သတ်မှတ်ပြီး ဝယ်ယူခွင့်ပြုမယ့် ကျောက်အတွဲတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ယခင်ပြပွဲတွေနည်းတူ အာမခံစပေါ်ငွေနဲ့ ကျောက်အတွဲတန်ဖိုးငွေကို အမေရိကန်ဒေါ်လာ သို့မဟုတ် အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေအမျိုးအစား သို့မဟုတ် မြန်မာကျပ်ငွေနဲ့ ပေးသွင်းနိုင်ဖို့ ကျောက်တွဲအမျိုးအစား အလိုက် သတ်မှတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ဒေါ်လာနဲ့ညီမျှတဲ့ ငွေလဲလှယ်နှုန်းထားသတ်မှတ်တာမှာ ပြည်တွင်း၊ ပြည်ပကုန်သည်တွေက ပုလဲအတွဲ၊ ကျောက်မျက်အတွဲနဲ့ သတ်မှတ်အုပ်စုပါ ကျောက်စိမ်းအတွဲတွေအတွက် အာမခံစပေါ်ငွေနဲ့ တန်ဖိုးနှုန်းထားတွေကို နိုင်ငံတော်က နစ်နာမှုမရှိအောင်၊ ပြည်တွင်း၊ ပြည်ပကုန်သည်တွေက ဈေးနှုန်းအပြိုင်ပေးပြီး ဝယ်ယူစေဖို့ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေက ထုတ်ပြန်တဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေအနက် အမြင့်ဆုံးငွေလဲလှယ်နှုန်းနဲ့ သတ်မှတ်ပေးသွားမယ်လို့ သိရပါတယ်။

ကုန်သည်တွေအနေနဲ့ ဝယ်ယူခွင့်ရှိတဲ့ ကျောက်အတွဲတွေအတွက် တန်ဖိုးငွေကို အရောင်းအဝယ်စာချုပ်ပါ သတ်မှတ်ချက်နဲ့ အညီ ရက်ပေါင်း ၉၀ အတွင်း ပေးချေရမှာဖြစ်ပါတယ်။

#၆၁ကြိမ်မြောက်

#မြန်မာ့ကျောက်မျက်ရတနာပြပွဲ

#နေပြည်တော်

#စီးပွားရေး

#ကုန်သည်

#ဗဟိုဘဏ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin