၁ အောက်တိုဘာလ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
Copernicus Ocean State Report ၏ ၁၀ ကြိမ်မြောက် နှစ်ပတ်လည်အစီရင်ခံစာအရ ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာ့ဝင်ရိုးစွန်းဒေသများရှိ ပင်လယ်သမုဒ္ဒရာများ လျင်မြန်စွာ ပြောင်းလဲလာနေပြီး အာတိတ်ဒေသမှာ ပင်လယ်ရေများ ပူနွေးလာကာ ပင်လယ်ရေခဲများ လျော့နည်းလာရတယ်လို့ AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါ အစီရင်ခံစာ၌ ကမ္ဘာတစ်ဝန်း ပင်လယ်သမုဒ္ဒရာများမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီး မြေထဲပင်လယ်နဲ့ ပင်လယ်နက်တို့မှာ စံချိန်တင် အပူလှိုင်းများ ဖြစ်ပေါ်လာခြင်း ပင်လယ်ဂေဟစနစ်များ ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေ၏ အက်စစ်ဓာတ် ပိုမိုမြင့်တက်လာခြင်းတို့ကို တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂ၏ Copernicus Marine Service ကို စီမံခန့်ခွဲတဲ့ Mercator Ocean International ၏ အထွေထွေညွှန်ကြားရေးမှူး Pierre Bahurel ကလည်း ကမ္ဘာ့ပင်လယ်သမုဒ္ဒရာများသည် လျင်မြန်စွာ ပြောင်းလဲနေကြောင်း ပြောကြားထားသည်။
ကမ္ဘာကြီးပူနွေးလာမှု၏ သက်ရောက်မှုများကို ဝင်ရိုးစွန်းဒေသများမှာ ပိုမိုသိသာစွာ တွေ့မြင်နေရပြီး ယင်းဒေသများက ကမ္ဘာ့ပင်လယ်သမုဒ္ဒရာဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ ဆိုပါတယ်။
အာတိတ်ဒေသရှိ ပင်လယ်ရေနှဲ့ ပင်လယ်ရေခဲမျက်နှာပြင်တွေရဲ့ အပူချိန်သည် ၁၉၈၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၄ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်ခဲ့ပြီး ဆယ်စုနှစ် တစ်ခုလျှင် ၁ ဒီဂရီဆဲလ်စီးယပ်စ်ခန့် မြင့်တက်လာခဲ့သည်။
ယင်းနှင့် နှိုင်းယှဉ်ပါက ကမ္ဘာတစ်ဝန်း ပင်လယ်ရေမျက်နှာပြင်အပူချိန်မှာ ဆယ်စုနှစ်တစ်ခုလျှင် ၀ ဒသမ ၁၂ ဒီဂရီဆဲလ်စီးယပ်စ်နှုန်းဖြင့် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဆိုက်ဘေးရီးယားမြောက်ပိုင်းရှိ Kara Sea မှာလည်း အပူချိန်သည် ၁၉၈၂ ခုနှစ်မှ စတင်လို့ ၆ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုလျှင် ၁ ဒဿမ ၆၈ ဒီဂရီဆဲလ်စီးယပ်စ်နှုန်းဖြင့် ပူနွေးလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အပူချိန်မြင့်တက်လာမှုနှင့်အတူ အာတိတ်ပင်လယ်ရေခဲများသည် ၁၉၇၉ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုလျှင် စတုရန်းကီလိုမီတာ ၅၀၀,၀၀၀ နီးပါး လျော့နည်းလာခဲ့ပြီး ၁၀ နှစ်လျှင် စပိန်နိုင်ငံအရွယ်အစားရှိ ဧရိယာတစ်ခုခန့် ဆုံးရှုံးနေသည့်အခြေအနေဟုဆိုသည်။
ပင်လယ်ရေခဲများ နောက်ဆုတ်လာခြင်းကြောင့် အာတိတ်ကမ်းရိုးတန်းများသည် လှိုင်းဒဏ်ကို ပိုမိုခံလာရပြီး ကမ်းရိုးတန်းပြိုကျမှု ပိုမိုဆိုးရွားလာသည့်အပြင် ကမ်းရိုးတန်းဒေသများရှိ လူနေအခြေချနေရာများနှင့် အခြေခံအဆောက်အအုံများအတွက် အန္တရာယ်များလည်း မြင့်တက်လာကြောင်း အစီရင်ခံစာက သတိပေးထားသည်။
အစီရင်ခံစာ၏ ဒါရိုက်တာ Karina von Schuckmann က အာတိတ်ပင်လယ်ရေခဲများသည် ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းက လျော့နည်းလာခဲ့ပြီး ကမ်းရိုးတန်းအခြေခံအဆောက်အအုံများ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ကမ်းရိုးတန်းပြိုကျမှုနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အန္တာတိကတိုက်မှာလည်း ပင်လယ်ရေခဲများ လျော့နည်းလာလို့ Emperor Penguin များ၏ ရှင်သန်နေထိုင်မှုအပေါ် ထိခိုက်လာတယ်လို့ဆိုထားပြီး ၂၀၂၂ ခုနှစ်ထဲ အန္တာတိက ပင်လယ်ရေခဲပမာဏမှာ စံချိန်တင် အနည်းဆုံးအဆင့်သို့ ကျဆင်းခဲ့ချိန် Emperor Penguin များ၏ အကြီးစား မျိုးပွားမှု မအောင်မြင်တဲ့ ဖြစ်စဉ်ကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
Emperor Penguin များသည် နေထိုင်ရန်၊ အစာရှာဖွေရန်နှင့် မျိုးပွားရန် တည်ငြိမ်သည့် ပင်လယ်ရေခဲများကို မှီခိုနေရပြီး ပင်ဂွင်းကလေးများသည် ရေမစိုခံအမွေများ မပေါက်ဖွားမှီ အလွန်အေးသော ပင်လယ်ရေထဲသို့ ကျရောက်ပါက သေဆုံးနိုင်တယ်လို့ ဆိုပါတယ် ။
ထို့အပြင် ကမ္ဘာတစ်ဝန်း အန္တရာယ်ကျရောက်နေတဲ့ တောရိုင်းတိရစ္ဆာန်များကို သတ်မှတ်ပေးသည့် IUCN က Emperor Penguin များကို ဧပြီလတွင် “မျိုးသုဉ်းရန် အန္တရာယ်နီးကပ်” (Near Threatened) အဆင့်မှ “မျိုးသုဉ်းရန် အန္တရာယ်ရှိ” (Endangered) အဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသေးတယ်။
ပင်လယ်ရေခဲများ လျော့နည်းလာမှုက လက်ရှိနှုန်းအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက ၂၁၀၀ ပြည့်နှစ်တွင် Emperor Penguin မျိုးပွားအုပ်စုများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် မျိုးသုဉ်းလုနီးပါးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း အစီရင်ခံစာက ခန့်မှန်းထားသည်။

