Language:

မူရင်းမှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းရှိပြီး ဆန္ဒပြုလာသူ မည်သူမဆို စစ်မှုထမ်းစာရင်းပေးသွင်းနိုင်ဟု လဝကဝန်ကြီး ပြောကြား


မူရင်းမှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းရှိပြီး ဆန္ဒပြုလာသူ မည်သူမဆို စစ်မှုထမ်းစာရင်းပေးသွင်းနိုင်ဟု လဝကဝန်ကြီး ပြောကြား

၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ ကိုယ့်ရပ်ကွက်ကျေးရွာထဲက ပြည်သူတွေအပြင်၊ ပြင်ပက လူတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ချင်တယ်ဆိုရင် သူတို့ရဲ့ မူရင်းမှတ်ပုံတင်၊ မူရင်းအိမ်ထောင်စုစာရင်းနဲ့ သူတို့က လုပ်ချင်ပါတယ်လို့ ဆန္ဒပြုလာရင် စစ်မှုထမ်းထဲ ထည့်လို့ရပါတယ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စက်တင်ဘာ (၂၉)ရက် နံနက်ပိုင်းကပြုလုပ်ခဲ့တဲ့ မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စာရွက်စာတမ်းအတုများ ပြုလုပ်ပြီး စစ်မှုထမ်းစာရင်းသွင်းတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုလိုက်တာပါ။

“မတရားဖမ်းဆီးခံရပါတယ်ဆိုပြီး တိုင်ကြားလို့ လိုက်စစ်တဲ့အခါမှာ၊ မှန်နေတယ်။ ဒီကလေးက ၁၅ နှစ်ပဲရှိတယ်။ ၁၄ နှစ်ပဲရှိသေးတယ်။ ဒီကလေးတွေကို တွေ့ပြီးတော့မှ နောက်ဆုံးမှာ (၅) ဦး ကော်မတီအဖွဲ့တွေကော မြို့နယ်အဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကော အကုန်အရေးယူခံရတဲ့ ဖြစ်စဥ်တွေရှိပါတယ်”လို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုစာရင်း မရှိသူများကို စာရွက် စာတမ်းအတုများ ပြုလုပ်ပြီး ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းမသွင်းရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သတိပေးပြောကြားခဲ့တာပါ။

အဆိုပါ စာရွက်စာတမ်းအတုများ ပြုလုပ်ပြီး စစ်မှုထမ်းစာရင်းသွင်းတဲ့ ဖြစ်စဉ်များမှာ ရာဂဏန်းအထိ ရှိလာပြီဖြစ်ပြီး ယင်းကိစ္စများကြောင့် အရေးယူခံရသူများလည်း အများအပြားရှိနေတယ်လို့ ဦးမြင့်ကြိုင်က ပြောဆိုပါတယ်။

#ပြည်သူ့စစ်မှုထမ်း

#မူရင်းမှတ်ပုံတင်

#အိမ်ထောင်စုစာရင်း

#စစ်မှုထမ်းစာရင်း

#လ၀ကဝန်ကြီး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin