၂၈ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
၂၀၂၆ ခုနှစ် ရက် ၁၀၀ စီမံချက်ကာလအတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု စုစုပေါင်း ၃၄၀ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လျှပ်စစ်ယူနစ် ၇ ဒသမ ၇ သန်းကျော် အလွဲသုံးစား ပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီဖြစ်စဉ်တွေ အားလုံးအတွက် နိုင်ငံတော်နစ်နာဆုံးရှုံးမှု လျော်ကြေးနဲ့ ဒဏ်ကြေးအဖြစ် ငွေကျပ် ၆,၇၄၅ သန်းကျော် ပြန်လည်ကောက်ခံရရှိခဲ့တယ်လို့ ဝန်ကြီးဌာနကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုတွေကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက Control Center တွေကနေ စောင့်ကြည့်စစ်ဆေးပြီး မြေပြင်မှာ ဆက်လက်ဖော်ထုတ်အရေးယူနေပြီး လက်ရှိမှာတော့ နောက်ဆုံး စစ်ဆေး တွေ့ရှိမှုအဖြစ် စမ်းချောင်းက ဟိုတယ်တစ်လုံးကနေ လျှပ်စစ်မီးခိုးယူသုံးစွဲလို့ ဟိုတယ်ပိုင်ရှင်နဲ့ မန်နေဂျာကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ရွိုင်ရယ်ခတ္တာဟိုတယ်က လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးခဲ့တဲ့ ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကို ပြန်လည်ပေးသွင်းစေပြီး ဟိုတယ်ပိုင်ရှင်နှစ်ဦးနဲ့ မန်နေဂျာကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အဆိုပါ ဟိုတယ်ဟာ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခတ္တာလမ်း၊ အမှတ် ၂၃ မှာ တည်ရှိတာဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ရုံးချုပ်၊ ခရိုင်နဲ့ မြို့နယ်အဆင့် တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားတယ်လို့ ဆိုပါတယ်။
စစ်ဆေးမှုအပြီးမှာ ဟိုတယ်မှာ အသုံးပြုနေတဲ့ မီတာကို ဖြုတ်သိမ်းခဲ့ပြီး လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုကြောင့် နိုင်ငံတော်ဘက်က နစ်နာဆုံးရှုံးခဲ့တဲ့ ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကို ပြန်လည်ပေးသွင်းစေဖို့ ဆောင်ရွက်ထားပါတယ်။
ဒါ့အပြင် လျှပ်စစ်ဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် ဟိုတယ်ပိုင်ရှင်တွေဖြစ်တဲ့ ဦးထက်အောင်လှိုင်နဲ့ ဦးကျော်ခိုင်၊ မန်နေဂျာ ဦးနေမင်းအောင်တို့ကို စမ်းချောင်းမြို့မရဲစခန်းမှာ အမှုအမှတ် ပ-၃၉၉/၂၀၂၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မကြာသေးခင်ကလည်း လျှပ်စစ်မီးခိုးယူသုံးစွဲမှုနဲ့ ပတ်သက်ပြီး စက်မှုလုပ်ငန်းတွေကို အရေးယူထားတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း မှော်ဘီမြို့နယ်က လုပ်ငန်းတစ်ခုမှာ လျှပ်စစ်ဓာတ်အားကို မသမာတဲ့နည်းလမ်းနဲ့ ရယူသုံးစွဲထားတာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဓာတ်အားခလျော်ကြေးနဲ့ ဒဏ်ကြေး စုစုပေါင်း ငွေကျပ် ၁၅၁ ဒသမ ၀၁၇ သန်းကျော် ပေးဆောင်စေခဲ့ပြီး မီတာဖြုတ်သိမ်းကာ လုပ်ငန်းရှင်ကို အမှုဖွင့်အရေးယူခဲ့ပါတယ်။

