Language:

ထိုင်းဘက်က လေဖိအားနည်းရပ်ဝန်း မြန်မာနိုင်ငံဘက် ရွေ့လာနိုင်လို့ ဒေသအချို့မှာ မိုးကြီးနိုင်


ထိုင်းဘက်က လေဖိအားနည်းရပ်ဝန်း မြန်မာနိုင်ငံဘက် ရွေ့လာနိုင်လို့ ဒေသအချို့မှာ မိုးကြီးနိုင်

၂၈ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ထိုင်းနိုင်ငံဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းစေနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၁ ရက်အတွင်း မြန်မာနိုင်ငံဘက်ကို ရွေ့လျားလာနိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုအပြင် ကပ္ပလီပင်လယ်ပြင်အတွင်း လေထုမငြိမ်မသက်မှုတွေ ရှိနေခြင်းနဲ့ မိုးတိမ်တောင်တွေ အားကောင်းလာနိုင်တာကြောင့် မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ မိုးလေဝသအခြေအနေအရ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအလိုက် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ မိုး/ဇလဌာနဘက်ကလည်း ခန့်မှန်းပါတယ်။

မိုးသည်းထန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရင် မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်သလို တောင်တန်းနဲ့ မြေပြိုနိုင်တဲ့ နေရာတွေမှာလည်း မြေပြိုမှုအန္တရာယ် ရှိလာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

ပင်လယ်ပြင်အခြေအနေကလည်း လေပြင်းတိုက်ခတ်တာနဲ့အတူ လှိုင်းကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတချို့မှာ လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ငါးဖမ်းလှေတွေနဲ့ သင်္ဘောတွေ ပင်လယ်ပြင်ထွက်ခွာရာမှာ ရာသီဥတုအခြေအနေကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

တစ်ဖက်မှာတော့ ထိုင်းနိုင်ငံအတွင်း ဘန်ကောက်အပါအဝင် ဒေသအချို့မှာလည်း လက်ရှိ မိုးသည်းထန်စွာ ရွာသွန်းနေပြီး စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အတွင်း မိုးပိုမိုများပြားနိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။

မိုးသည်းထန်မှုကြောင့် မြို့ပြဒေသတွေမှာ ရေမြောင်းရေလျှံတာနဲ့ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကိုလည်း ကြိုတင်သတိထားဖို့ တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံဘက်မှာ ဖြစ်ပေါ်နေတဲ့ မိုးလေဝသအခြေအနေတွေဟာ မြန်မာနိုင်ငံဘက်ကို ဆက်လက် သက်ရောက်လာနိုင်တာကြောင့် လာမယ့်ရက်ပိုင်းအတွင်း သက်ဆိုင်ရာ မိုးလေဝသသတိပေးချက်တွေနဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်တဲ့ လို့ အရပ်ဖက် မိုးလေ၀သပညာရှင်တွေက သတိပေးထားပါတယ်။

#သဘာ၀ဘေး

#ထိုင်းနိုင်ငံ

#လေဖိအားနည်းရပ်ဝန်း

#မြန်မာနိုင်ငံ

#မိုးဇလ

#မိုးကြီးနိုင်

#မြေပြိုမှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin