Language:

အမြန်လမ်းပေါ် ကားမောင်းရင်း TikTok ရိုက်ကူးခဲ့တဲ့သူ Express ယာဉ်မောင်းကို အရေးယူရန် တိုင်ကြား


အမြန်လမ်းပေါ် ကားမောင်းရင်း TikTok ရိုက်ကူးခဲ့တဲ့သူ Express ယာဉ်မောင်းကို အရေးယူရန် တိုင်ကြား

၂၈ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခရီးသည်တင် Express ယာဉ်ကို မောင်းနှင်နေစဉ် TikTok ဗီဒီယိုတွေရိုက်ကူးတာနဲ့ Live လွှင့်ခဲ့တဲ့ ယာဉ်မောင်းကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ အမြန်လမ်းရဲတပ်ဖွဲ့ထံ တိုင်ကြားထားတယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင် ခရီးစဉ် ပြေးဆွဲနေတဲ့ “ရွှေလင်းယုန်” အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းက YUTONG ယာဉ်အမှတ် 2G-5403 ကို မောင်းနှင်သူဟာ အမြန်လမ်းပေါ် ယာဉ်မောင်းနေစဉ် TikTok အသုံးပြုပြီး တေးသရုပ်ဖော်ဗီဒီယိုတွေ ရိုက်ကူးတာ၊ Live လွှင့်တာနဲ့ ပို့စ်တင်တာတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဗီဒီယိုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေက ယာဉ်မောင်းနေစဉ် ဗီဒီယိုရိုက်ကူးတာဟာ ယာဉ်မောင်းရဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်သလို ယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် မပြုလုပ်သင့်ကြောင်း ဝေဖန်မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီမှတ်ချက်တွေကို ယာဉ်မောင်းဘက်က ရိုင်းပြတဲ့ပုံစံနဲ့ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် သတ်မှတ်ထားတဲ့ အမြန်လမ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့ ယာဉ်မောင်းကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ အမြန်လမ်းရဲတပ်ဖွဲ့ထံ သတင်းပေးပို့တိုင်ကြားခဲ့တာဖြစ်ပြီး တစ်ဖက်မှာလည်း အဆိုပါယာဉ်မှာ တပ်ဆင်ထားတဲ့ Telematics ကတ်ကို ဖြုတ်သိမ်းပြီး အမြန်လမ်းအသုံးပြုခွင့်ကို ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

“ရွှေလင်းယုန်” ယာဉ်လိုင်းအနေနဲ့လည်း အလားတူ စည်းကမ်းဖောက်ဖျက်မှုတွေ ထပ်မံဖြစ်ပွားလာပါက ယာဉ်တစ်စီးချင်းအလိုက်သာမက ယာဉ်လိုင်းတစ်ခုလုံးအတွက် အမြန်လမ်းအသုံးပြုခွင့် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ သက်ဆိုင်ရာအဖွဲ့က သတိပေးထားပါတယ်။

အမြန်လမ်းအသုံးပြုတဲ့ ယာဉ်မောင်းတွေအနေနဲ့လည်း ယာဉ်မောင်းနေစဉ် ဖုန်းပြောတာ၊ SMS စာတိုပို့တာ၊ TikTok ဗီဒီယိုရိုက်ကူးတာ၊ လူမှုကွန်ရက်နဲ့ အင်တာနက်အသုံးပြုတာ၊ ရုပ်ရှင်ကြည့်တာနဲ့ ကွမ်းစားတာတို့လို ယာဉ်မောင်းနေစဉ် အာရုံပျံ့လွင့်စေနိုင်တဲ့ လုပ်ရပ်တွေကို လုံးဝမပြုလုပ်ကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ထပ်မံသတိပေးထားပါတယ်။

#အမြန်လမ်းပေါ်

#ကားမောင်း

#TikTok

#Expressယာဉ်မောင်း

#မှုခင်း

#SMS

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin