(၇)လတာကာလအတွင်း YBS ယာဥ်မတော်တဆမှု (၃၉) ကြိမ်အထိဖြစ်ပွား၊ (၁၉) ဦးသေဆုံးခဲ့ရ


(၇)လတာကာလအတွင်း YBS ယာဥ်မတော်တဆမှု (၃၉) ကြိမ်အထိဖြစ်ပွား၊ (၁၉) ဦးသေဆုံးခဲ့ရ

၂၈ ဇူလိုင်လ  ၂၀၂၆ (Eastern ThanLwin Media)

ကြည်ညို 

(၇)လတာ ကာလအတွင်း ရန်ကုန်မှာ YBS ယာဥ်မတော်တဆမှု (၃၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၉ ဦးအထိ သေဆုံးခဲ့ရတယ်လို့  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) က အသိပေးထုတ်ပြန်ပါတယ်။

၂၀၂၆ ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် (၂၀) ရက်နေ့အထိ YBS ယာဥ်မတော်တဆမှုပေါင်း (၃၉) ကြိမ်အထိ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီယာဥ်မတော်တဆမှုတွေကြောင့် သေဆုံးသူက (၁၉)ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရသူက (၃၀) ကျော်အထိရှိခဲ့တာဖြစ်ပါတယ်။ 

ဖြစ်ပွားခဲ့တဲ့ ယာဥ်မတော်တဆမှုတွေအတွင်း ယာဥ်မတော်တဆမှုဖြစ်ပွားတဲ့ YBS ယာဥ်မောင်းကို အရေးယူတဲ့အပြင် ယာဥ်တိုက်မှုအတွင်း  ထိခိုက်နစ်နာသူတွေကို သက်ဆိုင်ရာ ယာဥ်လိုင်းကုမ္ပဏီနဲ့ YBS ယာဥ်မောင်းတွေကနေ နစ်နာကြေးပေးအပ်တာမျိုးတွေ ဆက်တိုက်လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

YBS ယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး လူသေဆုံးစေတဲ့အထိ ဖြစ်ပွားစေတဲ့  YBS ယာဉ်မောင်းကို ရာသက်ပန် ထုတ်ပယ်တဲ့နည်းနဲ့  အရေးယူမှုတွေပြုလုပ်နေပြီး ပိုမိုပြင်းထန်တဲ့ ဒဏ်ကြေးငွေတွေကိုလည်း တိုးမြှင့်ဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ယာဥ်စည်းကမ်းပိုင်းကို ပိုမိုလိုက်နာစေရေး ယာဥ်မောင်းနဲ့ ခရီးသွားတွေကိုလည်း အသိပညာပေးမှုတွေ အရှိန်မြှင့်ပြီး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာ YBS စီးနင်းသူနဲ့ လက်ရှိပြေးဆွဲနေတဲ့ ကားအစီးရေမမျှတမှုကြောင့် နေ့စဥ်ခရီးသွားပြည်သူတွေအနေနဲ့ ရုံးတက်ရုံးဆင်းချိန်တွေမှာ အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

တစ်နိုင်ငံလုံးမှာတော့  ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း (၁,၆၈၆)မှု ဖြစ်ပွားခဲ့ပြီး လူ (၉၃၂) ဦး သေဆုံးပြီး ၂,၃၇၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (RTAD) ၏ ဇူလိုင် ၂၄ ရက်ကထုတ်ပြန်ထားပါတယ်။

#မှုခင်း

#YBS

#ယာဉ်တိုက်မှု

#ရန်ကုန်

ဆက်စပ်သတင်းများ

Eastern Thanlwin