၂၁ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ကပ္ပလီပင်လဘယ်ပြင် မြောက်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး) ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ နောက် (၃၆) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ စက်တင်ဘာ (၂၁) ရက် မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး)သို့ ရောက်ရှိခဲ့ပြီး နောက် (၁၈) နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ် (Depression)အဖြစ် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီကနေ ဆက်လက်အားကောင်းလာမယ့်အပြင် နောက် (၃၆) နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိမယ်လို မိုး/ဇလက သတိပေးထားတာ ဖြစ်ပါတယ်။
အဆိုပါ မိုးလေဝသအခြေအနေတွေကြောင့် လက်ရှိမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ စက်တင်ဘာ (၂၁)ရက် ညနေပိုင်းအထိ ခန့်မှန်းချက်တွေအရ နိုင်ငံတစ်ဝန်း မိုးရွာသွန်းနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့လည်း မိုး/ဇလက သတိပေးထားပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့ လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်တာကြောင့် ကြို တင်သတိပြုကြဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
#တိုင်းနဲ့ပြည်နယ်(၇)ခု
#မိုး/ဇလ

