Language:

ရန်ကုန်တွင် (၆) လအတွင်း ခါးပိုက်နှိုက် (၁၈၆)ဦးကို ဖုန်း (၂၃၅) လုံး၊ ငွေကျပ် (၆၈) သိန်းကျော်နဲ့အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့


ရန်ကုန်တွင် (၆) လအတွင်း ခါးပိုက်နှိုက် (၁၈၆)ဦးကို ဖုန်း (၂၃၅) လုံး၊ ငွေကျပ် (၆၈) သိန်းကျော်နဲ့အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့

၁၉ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစည်ကားရာနေရာတွေ YBS ယာဉ်တွေနဲ့ ကားမှတ်တိုင်တွေမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ခါးပိုက်နှိုက်မှုတွေကို စောင့်ကြည့်ဖော်ထုတ်ခဲ့ရာ (၆)လအတွင်း ကျူးလွန်သူ (၁၈၆) ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဧပြီ (၁၀) ရက်ကနေ စက်တင်ဘာ (၁၆) ရက်အထိ ခါးပိုက်နှိုက်မှု (၂၀၆)မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွေနဲ့ ဆက်စပ်လို့ ကျူးလွန်သူအမျိုးသား (၁၆၅) ဦး၊ အမျိုးသမီး (၂၁) ဦး စုစုပေါင်း (၁၈၆)ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေထံကနေ လက်ကိုင်ဖုန်း (၂၃၅) လုံးနဲ့ ငွေကျပ် (၆၈) သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် လူအများသွားလာအသုံးပြုတဲ့ YBS ယာဉ်တွေနဲ့ ကားမှတ်တိုင်တွေမှာ ခါးပိုက်နှိုက်မှုတွေ ဖြစ်ပွားနေလို့ ခရီးသွားပြည်သူတွေအနေနဲ့ မိမိရဲ့ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နဲ့ တန်ဖိုးရှိပစ္စည်းတွေကို သတိထားကိုင်ဆောင်ဖို့ လိုအပ်နေတယ် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

သက်ဆိုင်ရာအဖွဲ့တွေကလည်း လူစည်ကားရာနေရာတွေကို အဓိကထားပြီး ခါးပိုက်နှိုက်မှုတွေကို ဆက်လက်စောင့်ကြည့်ဖော်ထုတ်ကာ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းကလည်း YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်မှုတွေကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ အချိန်ကာလတိုအတွင်း ကျူးလွန်သူ အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။

အထူးသဖြင့် ဇန်နဝါရီ (၁၄) ရက်ကနေ (၃၁) ရက်အထိ နှစ်ပတ်ကျော်အတွင်း YBS ယာဉ်တွေပေါ်က ခါးပိုက်နှိုက် (၁၂၀) ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်ကိုင်ဖုန်း (၂၈၂) လုံး၊ အိတ် (၁၁) လုံးနဲ့ ငွေကျပ် (၁၀) သိန်းတို့ကို သက်သေခံ ပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီကာလအတွင်း ဖမ်းဆီးရမိသူတွေထဲမှာ လှိုင်သာယာ(အနောက်ပိုင်း)နဲ့ အင်းစိန်မြို့နယ်တွေမှာ ဖမ်းဆီးမှုအများဆုံးဖြစ်ပြီး လှိုင်သာယာ(အနောက်ပိုင်း)မှာ (၈၉) ဦး၊ အင်းစိန်မှာ (၃၀) ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

#မှုခင်း

#YBSယာဉ်

#ကားမှတ်တိုင်

#ခါးပိုက်နှိုက်

#ခရီးသွားပြည်သူ

#လှိုင်သာယာ

#အင်းစိန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin