၁၀ စက်တင်ဘာလ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တားမြစ်ကန့်သတ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ ပြည်ပတင်ပို့ဖို့ သယ်ဆောင်လာတယ်လို့ သံသယရှိသူ အမျိုးသားနှစ်ဦးကို စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဆိုပါ အမျိုးသားနှစ်ဦးမှာ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးတို့ဖြစ်ပြီး ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ ဖယားထိုင်းခရိုင် ဆမ်ဆန်နိုင်ဧရိယာရှိ စက်သုံးဆီဆိုင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာပါ။
၎င်းတို့ဆီကနေ အောက်ချင်းငှက် (Rhinoceros Hornbill) တစ်ကောင်နဲ့ Yellow-cheeked Gibbon မျောက်တစ်ကောင်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
၎င်းသံသယရှိသူနှစ်ဦးမှာ မော်တော်ဆိုင်ကယ်တွေနဲ့ သီးခြားစီရောက်လာခဲ့ကြပြီး မော်တော်ဆိုင်ကယ်တစ်စီးရဲ့ အနောက်ဘက် လေဝင်လေထွက်ရရှိစေဖို့ အပေါက်ဖောက်ထားတဲ့ ကတ်ထူသေတ္တာတစ်လုံးကို ဖွင့်ဖောက်စစ်ဆေးရာကနေ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးရမိခဲ့တာပါ။
အဲ့ဒီ သံသယရှိသူနှစ်ဦး အတူတကွ အသုံးပြုနေထိုင်တဲ့ ရတ်ချာသီဝီခရိုင် ရတ်ချာပရာရော့ပ်ဆွိုင်ရှိ စီးပွားရေးအဆောက်အအုံကို ဆက်လက်ရှာဖွေစစ်ဆေးခဲ့သော်လည်း တရားမဝင် ထိန်းသိမ်းထားတဲ့ အခြားတောရိုင်းတိရစ္ဆာန်တွေ ထပ်မံမတွေ့ရှိဘူးလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ သံသယရှိသူနှစ်ဦးကို ထိုင်းနိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေးဥပဒေ ၂၀၁၉ အရ ခွင့်ပြုချက်မရှိဘဲ တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန်များ လက်ဝယ်ထားရှိမှုနဲ့ ခွင့်ပြုချက်မရှိဘဲ တောရိုင်းတိရစ္ဆာန်များကို ပူးပေါင်းရောင်းဝယ်မှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ တောရိုင်းတိရစ္ဆာန်နှစ်ကောင်ကို ဆက်လက်စောင့်ရှောက်ရန်နဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်အောက်ရှိ တောရိုင်းတိရစ္ဆာန်ကျန်းမာရေး စီမံခန့်ခွဲမှုဌာနသို့ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
#နှစ်ဦး ထိုင်းနိုင်ငံဘန်ကောက်မှာ

