၃ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းနိုင်ငံတောင်ဖက်အကျဆုံး ခရိုင်တွေမှာ မငြိမ်မသက်မှုတွေ ဖြစ်ပွားနေလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် စက်တင်ဘာ ၆ ရက်မှာ မလေးရှားကို သွားရောက်ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၃ ရက် နံနက်ပိုင်းကလည်း ထိုင်းတောင်ပိုင်း နရာသီဝပ်ခရိုင်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဆက်ဖြစ်ခဲ့ပြီး ရွာလူကြီးရဲ့ လက်ထောက်အရာရှိတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။
စက်တင်ဘာ ၆ ရက် ကွာလာလမ်ပူခရီးစဉ်အတွင်း ထိုင်းတောင်ပိုင်းဒေသတွေမှာ မငြိမ်မသက်မှုများ ဖြစ်ပွားနေတဲ့ အခြေအနေကိုဖြေရှင်းရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသွားမယ်လို့ ဆီဟာဆက်က စက်တင်ဘာ ၃ ရက်က ပြောကြားပါတယ်။
နယ်စပ် ခြံစည်းရိုး တိုးချဲ့တည်ဆောက်ရေး အပါအဝင် လုံခြုံတိုးတက်စေဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လို့ ရမယ့် နည်းလမ်းတွေ အဓိက ဆွေးနွေးသွားမယ်။ နယ်စပ်မှာ ခြံစည်းရိုးများ တိုးချဲ့ ကာရန်လိုက်ရင် နှစ်နိုင်ငံစလုံး အကျိုးရှိနိုင်တယ်လို့ ဆီဟာဆက်က ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တွေနဲ့ ပတ်သက်လို့လည်း နှစ်ဖက် ဆွေးေနွးကြမှာ ဖြစ်ပြီး လက်နက်ကိုင် အချို့ကို ဝရမ်းထုတ်ထားရာ လက်နက်ကိုင် အချို့ဟာ နှစ်နိုင်ငံသား ခံယူထားသူတွေ ဖြစ်တာကြောင့် အာဏာပိုင်တွေ ဖမ်းဆီးရမိဖို့ ခက်ခဲနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓ ဘာသာအများစု နေထိုင်တဲ့ ထိုင်းနိုင်ငံရဲ့ တောင်ပိုင်းမှာ မွတ်စလင်တွေ ရှိနေပြီး ခွဲထွက်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်နေကြတာ ကြာပြီ ဖြစ်ပြီး မလေးရှားက လုံခြုံရေး အားလျှော့စေမယ့် အရာမှန်သမျှကို မထောက်ခံဘူးလို့ ဆီဟာဆက်က ပြောကြားပါတယ်။
မလေးရှားသို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်နဲ့ အတူ အမျိုးသား ထောက်လှန်းရေး အေဂျင်စီ ညွှန်ကြားရေးမှူးဟောင်း သာနတ် ဆူဗာနာနန်ဒါလည်း လိုက်ပါသွားမှာ ဖြစ်ပါတယ်။

