Language:

ချင်းရိုင်းမှာ TikTok ကနေ ကားတာယာဝယ်ရာမှာ ဘတ် (၆,၀၀၀)လိမ်လည်ခံရ


ချင်းရိုင်းမှာ TikTok ကနေ ကားတာယာဝယ်ရာမှာ ဘတ် (၆,၀၀၀)လိမ်လည်ခံရ

၃ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ မဲချန်မြို့နယ်မှာ အမျိုးသားတစ်ဦးဟာ TikTok ကနေ ကားတာယာဝယ်ယူရာမှာ လိမ်လည်ခံခဲ့ရပြီး ငွေကြေးဆုံးရှုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သတင်းတွေအရ အဆိုပါအမျိုးသားဟာ TikTok အသုံးပြုနေစဉ် ကားတာယာရောင်းချတဲ့ အကောင့်တစ်ခုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအကောင့်က ၂၀၂၅ ခုနှစ်ကတည်းက လက်ကျန်ရှိနေတဲ့ တာယာတွေကို ဈေးလျှော့ရောင်းချနေတယ်လို့ ကြော်ငြာထားပြီး နာမည်ကြီးတံဆိပ်တွေကို တာယာတစ်လုံးလျှင် ဘတ် (၁,၅၀၀) နဲ့ ရောင်းချနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆိုင်ဘက်က တာယာတွေကို တစ်နှစ်အာမခံပေးမယ်၊ ပို့ဆောင်ခလည်း အခမဲ့ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တာယာ(၄)လုံးဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ အဆိုပါအမျိုးသားဟာ စုစုပေါင်း ဘတ် (၆,၀၀၀) ပေးချေရမယ်ဆိုတာကြောင့် ဆိုင်ကပေးပို့တဲ့ PromptPay QR Code ကို အသုံးပြုပြီး ငွေလွှဲပေးခဲ့ပါတယ်။

ဒါပေမယ့် ငွေလွှဲပြီး မကြာခင်မှာပဲ ဆိုင်ဘက်က နောက်ထပ် ဘတ် (၂,၀၀၀) ထပ်မံပေးချေရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီငွေကို အာမခံကြေးအဖြစ် ကောက်ခံတာဖြစ်ပြီး တာယာတွေနဲ့အတူ ပြန်လည်ပေးအပ်မယ်လို့ ဆိုခဲ့ပါတယ်။

ဒီအခြေအနေကြောင့် အမျိုးသားက သံသယဝင်လာပြီး မိမိလွှဲထားတဲ့ငွေကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် တစ်ဖက်က ငွေပြန်ပေးဖို့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ရှောင်လွှဲခဲ့ပြီး နောက်ဆုံးမှာတော့ TikTok အကောင့်ကနေ အဆိုပါအမျိုးသားကို Block လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နောက်ပိုင်းမှာ အဆိုပါအမျိုးသားဟာ ချင်းရိုင်ခရိုင်၊ မဲချန်ရဲစခန်းကို သွားရောက်ပြီး တရားဝင် တိုင်ကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ အွန်လိုင်းကနေ ပစ္စည်းဝယ်ယူတဲ့အခါ ဈေးနှုန်းအလွန်သက်သာတာ၊ Promotion တွေကောင်းတာတစ်ခုတည်းကို မယုံကြည်ဘဲ ရောင်းချသူရဲ့ အချက်အလက်နဲ့ ငွေပေးချေမှုနည်းလမ်းတွေကို သေချာစစ်ဆေးဖို့ လိုအပ်ကြောင်း သတိပေးနေပါတယ်။

အထူးသဖြင့် ငွေလွှဲပြီးနောက် ထပ်မံပြီး အာမခံကြေး၊ စာရင်းသွင်းကြေး ဒါမှမဟုတ် အခြားအကြောင်းပြချက်တွေနဲ့ ငွေထပ်တောင်းခံလာတာမျိုးရှိရင် လိမ်လည်မှုဖြစ်နိုင်တဲ့ လက္ခဏာတစ်ခုအဖြစ် သတိထားသင့်ပါတယ်။

#လိမ်လည်မှု

#ကျားဖြန့်

#ကားတာယာ

#ချင်းရိုင်း

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin