၂ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပတ်လမ်း (၁၀)လမ်းအစပ် ဆန်ဆိုင်းစျေးလမ်းကြားအဝင် W Square တိုက်တန်းနှင့် KOCHI အိမ်သုံးပစ္စည်းအရောင်ဆိုင်ဘေးရှိ (၃)လမ်းဆုံအနီး မိုးမရွာဘဲ မြောင်းရေတွေလျှံနေလို့ ရေစီးရေလာကောင်းမွန်စေရေး တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ(၂)ရက်ကနေ စတင်ရှင်းလင်းနေတယ်လို့ သိရပါတယ်။
အဲ့ဒီလမ်းမအောက်တွေမှာရှိတဲ့ ရေမြောင်းတွေက ရွှံ့နွံတွေ ၊ အမှိုက်တွေ ပိတ်ဆို့နေတာမို့ မိုးမရွာလည်း ရေမြောင်းထဲက ရေတွေက လမ်းပေါ်ကို လျှံထွက်နေတာ အချိန်ကြာမြင့်နေပြီဖြစ်လို့ လမ်းမတွေပေါ်မှာလည်း ရေညှိတွေတက်နေတာ လမ်းချော်တာတွေ ဆိုင်ကယ်မှောက်တာတွေ မကြာမကြာ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြောင်းရေလျှံတဲ့ တာချီလိတ်မြို့ မြို့ပတ်လမ်း(၁၀)လမ်းအစပ်ကို ရေစီးရေလာကောင်းအောင်လုပ်ဆောင်ဖို့ တာချီလိတ်မြို့နယ်စည်ပင်က တာဝန်ရှိသူတွေနဲ့ ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ယခုနှစ် သြဂုတ်(၃၁) ရက်က ကွင်းဆင်းစစ်ဆေးခဲ့တာပါ။
“လောလောဆယ်တော့ ရေစီးရေလာကောင်းအောင် အောက်ဖက်ပိုင်းကို အရင်ရှင်းနေပါတယ်။ ပြီးရင် အပေါ်ဘက် ပလက်ဖောင်းအောက်က အမှိုက်တွေကို ဆက်ရှင်းမယ်”လို့ နေရာမှာ ရှင်းလင်းရေးလုပ်ဆောင်နေတဲ့ တာချီလိတ်မြို့နယ် စည်ပင်ကော်မတီ တာဝန်ရှိသူတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း မြို့ပတ်လမ်းတစ်လျှောက် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ရပ်ကွက်အဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့များက ပူပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ရပ်ကွက်အတွင်းရေးမှူး ဦးစိုင်းတင်ထွန်းကလည်း ပြောပါတယ်။
မြောင်းရေလျှံထွက်နေတဲ့ အဆိုပါလမ်းဆုံနေရာမှာ တံတားအသေးတစ်စင်း တစ်ခုတည်ဆောက်ရန်လည်း W Square မှ လှူဒါန်းမယ်လို့သိရှိရပြီး စည်ပင်မှ အင်ဂျင်နီယာအဖွဲ့များနှင့် ကွင်းဆင်းကာ တည်ဆောက်ရန် ဆက်လက် စီစဥ်သွားမယ်လို့ သိရပါတယ်။
#မြို့ပတ်လမ်း(၁၀)လမ်း

