၂ စက်တင်ဘာ ၂၀၂၆
ဇင်ကြီး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်းပျဉ်းလမ်းပိုင်းမှာ မိုးရာသီ တောင်ပြို၊ မြေပြိုမှုများကြောင့် ခရီးသွားလာချိန် ကြာမြင့်လာတဲ့အပြင် လမ်းပိုင်းအနေနဲ့လည်း သွားလာရေး ခက်ခဲနေရတယ်လို့ ယာဉ်မောင်းများနဲ့ ဒေသတွင်း ခရီးသွားများထံက သိရပါတယ်။
အထူးသဖြင့် တောင်ပေါ်လမ်းပိုင်းများ တောင်ပြို၊ မြေပြိုမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ယာဉ်မောင်းများအနေဖြင့် ပုံမှန်ထက်ပိုမိုသတိထား မောင်းနှင်နေရကာ ခရီးသွားများ အနေဖြင့်လည်း ရာသီဥတုနှင့် လမ်းအခြေအနေများကို ကြိုတင်စစ်ဆေးပြီး သွားလာနေရတာပဲဖြစ်ပါတယ်။
ဒေသခံတွေ ပြောကြားချက်အရ ကျိုင်းတုံ-မိုင်းပျဥ်းလမ်းဟာ ကားသမားတွေအတွက် အခက်ခဲဆုံးလမ်းဖြစ်နေပြီး မိုးရွာရင် တောင်ပြိုမှုများလည်းရှိကာ မကြာခဏဆိုသလို ယာဥ်မတော်တဆမှုများလည်းရှိတာကြောင့် သေဆုံးသူတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
“မိုင်းပျဥ်းလမ်းကတော့ ဆိုးတယ်။ Express ကားအကြီးတွေဆိုရင် ပိုပြီးသတိထားမောင်းရတယ်။ လမ်းကလည်း ကျဉ်းပြီး အန္တရာယ်များတယ်။ အဲ့ဒီနေရာရောက်ရင် ကားသမားတိုင်း သတိထားမောင်းကြရတယ်”လို့ တောင်တန်းပျော်ကားဂိတ်မှ ယဥ်မောင်း ကိုဝေလင်းက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
ယခင်က တာချီလိတ်နှင့် တောင်ကြီးကြား ခရီးစဉ်မှာ လမ်းအခြေအနေကောင်းမွန်ပါက ၁ ညအိပ် ၂ ရက်ခန့်သာ ကြာမြင့်သော်လည်း ယခု မိုးရာသီကာလ တောင်ပြို၊ မြေပြိုမှုများနဲ့ လမ်းပျက်စီးမှုများကြောင့် ခရီးစဉ်ကြာချိန် ပိုမိုရှည်လျားလာပြီး လမ်းအခြေအနေပေါ် မူတည်ကာ ၂ ညမှ ၃ ညအထိ ကြာမြင့်နေရတာဖြစ်ပါတယ်။
ထို့အပြင် မိုးရာသီကာလဖြစ်သည့်အတွက် ခရီးသွားလာမှနှုန်းမှာ ယခင်ကထက် သုံးပုံတစ်ပုံလျော့ကျလာတယ်လို့ ကားသမားတွေဆီက သိရပြီး လမ်းပျက်စီးမှုများ၊ တောင်ပြို၊ မြေပြိုမှုများကြောင့် ယာဉ်များကို ပိုမိုသတိထား မောင်းနှင်နေရသဖြင့် ခရီးကြာချိန်များလည်း ယခင်ကထက်ပိုကြာြမင့်လာတယ်လို့ သိရပါတယ်။
#ကျိုင်းတုံ-မိုင်းပျဉ်းလမ်း
#မိုးရာသီတောင်ပြို၊မြေပြိုမှုများ
#ခရီးသွားလာရေး ခက်ခဲ

