၂၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်မှာ စက်သုံးဆီဈေးတွေ ပြန်တက်လာပြီး ဩဂုတ် ၂၉ ရက်အတွက် ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးအရ Premium Diesel တစ်လီတာကို ကျပ် ၅,၁၄၀ အထိ ရောက်လာပါတယ်။
အခုဈေးနှုန်းအရ 92 တစ်လီတာကို ကျပ် ၃,၇၁၀ ဖြစ်ပြီး အရင်ဈေးထက် ကျပ် ၁၃၅ တက်လာပါတယ်။ 95 ကတော့ တစ်လီတာ ကျပ် ၃,၈၁၅ ရှိပြီး ကျပ် ၁၂၅ မြင့်တက်လာတာပါ။
Diesel တစ်လီတာဈေးကလည်း ကျပ် ၄,၂၄၀ ဖြစ်လာပြီး အရင်ထက် ကျပ် ၁၇၀ ပိုပေးရပါတယ်။ Premium Diesel ကတော့ ကျပ် ၂၁၅ အထိ ထပ်တက်လာတာကြောင့် ဆီအမျိုးအစားတွေထဲမှာ ဒီနေ့အတွက် ဈေးအတက်အများဆုံး ဖြစ်ပါတယ်။
စက်သုံးဆီဈေး အရင်က ကျဆင်းခဲ့တဲ့ကာလတွေမှာတောင် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အခြေခံစားသုံးကုန်ဈေးတွေက လိုက်ပြီးကျလာတာ မတွေ့ရဘူးလို့ သိရပါတယ်။
အခု ဆီဈေးတွေ ပြန်တက်လာတဲ့အတွက် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေ ထပ်တိုးလာနိုင်ပြီး အဲဒီကနေတစ်ဆင့် နေ့စဉ်သုံးကုန်ပစ္စည်းဈေးတွေပါ ဆက်တက်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။
အထူးသဖြင့် ဆီဈေးတက်လာတာဟာ ကား၊ ကုန်တင်ယာဉ်နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအပေါ် တိုက်ရိုက်သက်ရောက်နိုင်တာကြောင့် ကုန်စည်သယ်ယူစရိတ်ကနေတစ်ဆင့် အခြားကုန်ပစ္စည်းဈေးနှုန်းတွေအပေါ်ပါ သက်ရောက်လာနိုင်တဲ့အခြေအနေကို စောင့်ကြည့်ရမယ့် အနေအထားဖြစ်လာပါတယ်။

