Language:

လှိုင်မြို့နယ်မှာ ဝမ်းရောဂါအခြေအနေကြောင့် လမ်းဘေးစားသောက်ဆိုင်တွေကို ပိတ်ထားဖို့ သတိပေးနှိုးဆော်နေ


လှိုင်မြို့နယ်မှာ ဝမ်းရောဂါအခြေအနေကြောင့် လမ်းဘေးစားသောက်ဆိုင်တွေကို ပိတ်ထားဖို့ သတိပေးနှိုးဆော်နေ

၂၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန် လှိုင်မြို့နယ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေ တိုးလာတာကြောင့် လမ်းဘေးမှာ ရောင်းချနေတဲ့ စားသောက်ဆိုင်တွေကို ဩဂုတ် ၂၉ ရက်ကစပြီး တစ်လလောက် ဆိုင်ပိတ်ထားဖို့ မြို့နယ်စည်ပင်ဘက်က လိုက်လံအသိပေးနေတယ်လို့ သိရပါတယ်။

အခုလို အသိပေးလာတာက လှိုင်မြို့နယ်ထဲက ၁၆ ရပ်ကွက်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၂၀ ကျော်အထိ ရှိလာတာကြောင့် ဖြစ်ပါတယ်။ တုတ်ထိုး၊ အသုပ်၊ မုန့်ဟင်းခါးဆိုင်တွေအပြင် အခြားလမ်းဘေးစားသောက်ဆိုင်တွေပါ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိအသိပေးချက်က ဆိုင်အားလုံးကို မဖြစ်မနေပိတ်ရမယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ဘူးလို့ သိရပါတယ်။ ဆိုင်ဆက်ဖွင့်ထားပြီး အဲဒီဆိုင်က အစားအသောက်တွေစားပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာရင် ဆိုင်ဘက်က တာဝန်ယူရမယ်ဆိုတဲ့ ပုံစံနဲ့ သတိပေးထားတာလို့ သိရပါတယ်။

လက်ရှိ ရောဂါဖြစ်ပွားသူတွေကို စစ်ဆေးတဲ့အခါ အစားအသောက်နဲ့ ဆက်စပ်ပြီး ဖြစ်နိုင်ခြေရှိတာတွေ့ရတာကြောင့် လမ်းဘေးအစားအသောက်ဆိုင်တွေကိုလည်း အခုလို သတိပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့အတွင်းမှာတော့ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ ဒလ၊ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတမြို့နယ်တွေမှာလည်း ရောဂါဖြစ်ပွားသူတွေ တွေ့ရှိထားတယ်လို့ သိရပါတယ်။

အထူးသဖြင့် လသာမြို့နယ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောလူနာတွေ အများအပြား စတင်တွေ့ရှိပြီးနောက် ရန်ကုန်မြို့ရဲ့ အခြားမြို့နယ်တွေကိုပါ တဖြည်းဖြည်း ပျံ့နှံ့လာတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒီအခြေအနေကြောင့် ရန်ကုန်မြို့နေသူတွေအနေနဲ့ လမ်းဘေးနဲ့ ပြင်ပက အစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်တာ၊ သောက်သုံးရေ သန့်ရှင်းမှုကို ဂရုစိုက်တာနဲ့ အစားအသောက်တွေကို သန့်ရှင်းစွာ ပြင်ဆင်စားသုံးတာတွေကို အထူးဂရုစိုက်ဖို့ လိုအပ်နေပါတယ်။

#ဝမ်းပျက်ဝမ်းလျှော

#ကျန်းမာရေး

#ရန်ကုန်မြို့

#လမ်းဘေးအစားအစာ

#လမ်းဘေးစားသောက်ဆိုင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin