၂၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့နယ် လွယ်စတုံကျေးရွာအနီး လမ်းဘေးတစ်နေရာမှာ သြဂုတ်လ (၂၁) ရက်နေ့က သင်္ကန်းဝတ်တစ်ဦး အိပ်နေတဲ့ဖြစ်စဉ်နှင့်ပတ်သက်ပြီး Facebook Page တစ်ခုက တင်ထားတဲ့ Post အောက်မှာ နဂါးနှစ်ကောင်ကျောင်းထိုင် ဆရာတော်ကို ဂုဏ်သိက္ခာစော်ကားရေးသားထားတဲ့ စာနှင့်ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော်တစ်ပါးကို လူဝတ်လဲအမှုဖွင့်ပြီး မြို့နယ် သာသနာရေးဦးစီးမှူးက တရားစွဲဆိုထားတယ်လို့ သိရှိရပါတယ်။
သြဂုတ်လ (၂၆) ရက်နေ့က နဂါးနှစ်ကောင်ဆရာတော်ကို အကြည်အညိုပျက်စေရန် ဂုဏ်သိက္ခာစော်ကားရေးသားထားတဲ့ မှတ်ချက်စာနှင့်ပတ်သက်ပြီး တာချီလိတ်မြို့နယ် သာသနာရေးမှူးဦးစီးအရာရှိ ဒေါ်အေးသန္တာကျော်က တာချီလိတ်မြို့ မြို့မရဲစခန်းမှာ တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။
မှတ်ချက်ရေးသားခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲဆိုခံထားရသူမှာ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု သီရိရတနာကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးသီလာစာရ(လူအမည် ကိုကျော်လွင်)၊ (ဘ)ဦးညွှန့်မောင်၊ (၄၆)နှစ် ဖြစ်တယ်လို့ သိရှိရပါတယ်။
Post အောက်မှာ မှတ်ချက်ရေးသားထားတာတွေကတော့ တာချီလိတ်မြို့နယ်အတွင်း သင်္ကန်းဝတ်ရဟန်းတုများ ပိုမိုများလာပြီး လမ်းဘေးမှာ မူးယစ်နေတာနဲ့ပတ်သတ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်နဲ့ မြို့နယ်၊ ခရိုင် သာသနာရေးဦးစီးဌာနများမှ အရေးယူမှုမရှိခြင်းနဲ့ ငွေရမှ အလုပ်လုပ်ကြခြင်းဖြစ်တယ်လို့ စွပ်စွဲရေးသားထားတာ ဖြစ်ပါတယ်။
နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်အပါအဝင် သာသနာရေးဦးစီးဌာနက တာဝန်ရှိသူတွေကို ဂုဏ်သရေ ညှိုးနွမ်းအောင် မှတ်ချက်ပြုစော်ကားရေးသားပြုလုပ်ခဲ့သူကို နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ဦးသုဓမ္မ မှ ဝတ်နည်းနှင့်အညီ သိက္ခာချပြီး တာချီလိတ်မြို့မရဲစခန်း အချုပ်မှာ ဖမ်းဆီးထားတယ်လို့ သိရှိရပါတယ်။
မှုခင်းစတင်ဖြစ်ပွားခဲ့တဲ့ Facebook Post ပါ သင်္ကန်းဝတ်နဲ့ လမ်းဘေးမှာ အိပ်နေတဲ့သူနဲ့ပတ်သက်ပြီး သာသနာရေးဌာနက ဘယ်လိုဆောင်ရွက်ထားကြောင်း အသေးစိတ်အချက်အလက်များကို အရှေ့သံလွင်သတင်းဌာနမှ လိုက်လံစုံစမ်းခဲ့ပေမယ့် သိရှိခြင်းမရှိခဲ့ပါဘူး။
အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အရှေ့သံလွင်သတင်းထောက်မှ သတင်းရေးသားရန်အတွက် သာသနာရေးဦးစီးဌာနရုံးကို (၂)ကြိမ်တိုင်တိုင် သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဦးစီးအရာရှိမှ မအားလပ်တဲ့အတွက် တွေ့ခွင့်မရခဲ့ဘဲ ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
လူဝတ်လဲစေပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသူ သီရိရတနာကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးသီလာစာရ(လူအမည် ကိုကျော်လွင်)၊ (ဘ)ဦးညွှန့်မောင်၊ (၄၆)နှစ်ကိုတော့ တာချီလိတ်မြို့မရဲစခန်း (ပ)၁၂၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ – ၂၉၅/၂၉၅-က အရ အမှုဖွင့်အရေးယူထားတယ်လို့ မြို့မရဲစခန်းက သိရှိရပါတယ်။

