Language:

ဘားမှာ ဘတ်(၆)သောင်းဖိုး သောက်စားပြီး ငွေမရှင်းတဲ့အတွက် ဆိုင်က မိန်းကလေးကို ခေါင်းတုံးရိတ်ခဲ့


ဘားမှာ ဘတ်(၆)သောင်းဖိုး သောက်စားပြီး ငွေမရှင်းတဲ့အတွက် ဆိုင်က မိန်းကလေးကို ခေါင်းတုံးရိတ်ခဲ့

၂၈ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံ ဘားဟော့စ်ဆိုင်တစ်ဆိုင်မှာ ဘတ် (၆)သောင်းနီးပါးဖိုး သောက်စားပြီး ငွေမရှင်းတဲ့ အသက်ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ကို ဆိုင်ဘက်က ခေါင်းတုံးရိတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ လူမှုကွန်ရက်ပေါ်မှာ အပြင်းအထန်ဝေဖန်ခံနေရပါတယ်။

“တုံအော်ပင်နုန်” ဆိုတဲ့ လူမှုကူညီရေးအဖွဲ့ရဲ့ TikTok စာမျက်နှာမှာ ဒီဖြစ်ရပ်ကို တင်ခဲ့ပြီးနောက် မိန်းကလေးဟာ ဘားဟော့စ်ဆိုင်တော်တော်များများမှာ သောက်စားပြီး ငွေမပေးဘဲ ထွက်ပြေးလေ့ရှိသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆိုင်ဘက်က ပြောဆိုချက်အရ ဖြစ်စဉ်ဟာ ဩဂုတ် (၂၅) ရက်နေ့က ဘန်ကောက်မြို့ ပင်ကလောင်ရပ်ကွက်က ဘားဟော့စ်ဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။ မိန်းကလေးဟာ ဝန်ဆောင်မှုနဲ့ အရက်သောက်စားပြီးနောက် ကျသင့်ငွေ ဘတ် (၆)သောင်း နီးပါးကို မရှင်းနိုင်ခဲ့သလို၊ ဆိုင်ဝင်ရာမှာလည်း အတုဖြစ်တဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ကို အသုံးပြုခဲ့တယ်လို့ ဆိုင်ကစွပ်စွဲထားပါတယ်။

အဲဒီနောက် ဆိုင်မန်နေဂျာက မိန်းကလေးကို ဆံပင်ရောင်းချဖို့ သဘောတူစာချုပ် လက်မှတ်ထိုးခိုင်းပြီး ဘတ် (၃)ထောင်းနဲ့ ဆံပင်ယူကာ ဝန်ဆောင်ခထဲက နုတ်ယူမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆံပင်ဖြတ်တာမဟုတ်ဘဲ ခေါင်းတစ်ခုလုံးကို သီလရှင်လို ရိတ်ပစ်ခဲ့တာကြောင့် အမှုဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက်မှာ အမြင်နှစ်ဖက် ကွဲနေပါတယ်။ တစ်ဖက်က မိန်းကလေးဟာ ငွေမရှင်းတာ မှားပေမယ့် ဆိုင်မှာ ခေါင်းရိတ်ပစ်တာက ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်ဖြစ်ပြီး ရဲတိုင်ကာ ဥပဒေလမ်းကြောင်းနဲ့ ဖြေရှင်းသင့်တယ်လို့ ပြောဆိုနေကြပါတယ်။

တခြားတစ်ဖက်ကတော့ မိန်းကလေးဟာ ဆိုင်အများအပြားမှာ ဒီလိုအပြုအမူကို ထပ်ခါတလဲလဲ လုပ်ခဲ့တာကြောင့် အခုလို သင်ခန်းစာပေးတာ သင့်တော်တယ်လို့ ထောက်ခံနေကြပါတယ်။

“တုံအော်ပင်နုန်” အဖွဲ့ဥက္ကဋ္ဌ ချလီဒါ ပလမတ်ကတော့ ဆိုင်ဘက်နဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ ဆိုင်မန်နေဂျာက ဒေါသကြောင့် စိတ်လိုက်မာန်ပါ လုပ်မိတာဖြစ်ကြောင်း ဝန်ခံပြီး လူမှုအသိုင်းအဝိုင်းကို တောင်းပန်ထားတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ မိန်းကလေးရဲ့ မိသားစုနဲ့ ဆက်သွယ်ပြီး ကူညီဖြေရှင်းပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိန်းကလေးဟာ အသက် ၂၀ မပြည့်သေးနိုင်တဲ့ လူငယ်တစ်ဦး ဖြစ်နိုင်တာကြောင့် လူမှုဖူလုံရေးနဲ့ လူသားဖွံ့ဖြိုးရေးဌာန (MSDHS) အနေနဲ့ သူ့ရဲ့ နေထိုင်မှုအခြေအနေနဲ့ စိတ်ကျန်းမာရေးကို စစ်ဆေးပေးသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

#ဘား

#စားသောက်ဆိုင်

#ဆိုရှယ်မီဒီယာ

#ဘားဟော့စ်

#ခေါင်းတုံးရိတ်

#ဘန်ကောက်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia

ဆက်စပ်သတင်းများ

Eastern Thanlwin