၂၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်မြို့အတွင်း လမ်းမတွေပေါ်မှာ မော်တော်ယာဉ်တွေကနေ အသံချဲ့စက်တွေ အသံကျယ်ကျယ်ဖွင့်ပြီး သွားလာတာနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို မလိုက်နာပါက ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကလည်း စည်းကမ်းမဲ့ အသံဆူညံမှုတွေ မဖြစ်ပေါ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဆိတ်ကြီးခနောင်တိုမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်ဦးက ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်တွေပေါ် အသံချဲ့စက်တပ်ဆင်ပြီး အများပြည်သူသွားလာတဲ့ လမ်းမတွေပေါ်မှာ အသံကျယ်လောင်စွာ ဖွင့်လှစ်သွားလာနေမှုတွေကို အထူးစီမံချက်နဲ့ ထိရောက်စွာ တားဆီးအရေးယူဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒီမေးမြန်းမှုအပေါ် ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အသံချဲ့စက်အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ နည်းဥပဒေတွေ သတ်မှတ်ထားပြီးဖြစ်တာကြောင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကနေတစ်ဆင့် လိုက်နာစေရေး ကြပ်မတ်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် အသံချဲ့စက်အသုံးပြုပြီး အများပြည်သူရှေ့မှာ ညစ်ညမ်းစွာ ပြုမူတာ၊ ဆဲဆိုတာ ဒါမှမဟုတ် သီဆိုပြောဆိုမှုတွေကြောင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေပါက သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေကို ဖောက်ဖျက်ရာရောက်နိုင်ပြီး ရာဇသတ်ကြီးပုဒ်မ ၂၉၄ အရ ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်တယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ လူနေရပ်ကွက်တွေနဲ့ အများပြည်သူသွားလာတဲ့ လမ်းမကြီးတွေပေါ်မှာ လော်စပီကာ၊ အသံချဲ့စက်တွေကို စည်းကမ်းမဲ့ အသံဆူညံစွာ ဖွင့်လှစ်အသုံးပြုမှု မရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပြင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကတစ်ဆင့်လည်း ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#စည်းကမ်းမဲ့အသံဆူညစွာဖွင့်လှစ်မှု

