၂၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
သောင်းရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြဝတီမြို့ဘက်ခြမ်းက အနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးနေထိုင်သူတွေ အမြန်ဆုံး ဘေးလွတ်ရာကို ကြိုတင် ရွှေ့ပြောင်းဖို့ မိုး/ဇလက ဒီနေ့သြဂုတ်လ (၂၄) ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
မြဝတီမြို့နယ်မှာ သောင်ရင်းမြစ်ရေက စိုးရိမ်ရေအမှတ်အထက် (၂)လက်မခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း (၁)ပေခန့်မြင့်တက်မယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားတာပါ။
မြ၀တီမြို့ဟာ နှစ်စဥ် မိုးရာသီမှာ သောင်းရင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုတွေနဲ့ မကြာခဏကြုံတွေ့ရလေ့ရှိပါတယ်။
သြဂုတ်လအတွင်း မြစ်ရေတွေတိုးကာ စစ်ကိုင်းနဲ့ဧရာဝတီတိုင်းတို့က မြို့နယ်အများစုမှာ ရေဘေးကြုံခဲ့ရပြီးနောက်ပိုင်း နိုင်ငံရဲ့ အောက်ပိုင်း ကရင်ပြည်နယ်မှာပါ လက်ရှိမှာ ရေဘေးနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။
လတ်တလောမှာတော့ သံလွင်မြစ်ရေ စံချိန်တင် ကြီးမြင့်လာမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းတလျှောက်က ကျေးရွာတွေအားလုံးလိုလိုမှာ ရေကြီးနစ်မြုပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သံလွင်မြစ်ရေကြီးမှုကြောင့် ဘားအံ-မြိုင်ကလေး-သထုံလမ်း၊ ဘားအံ-ဇာသပြင်-မော်လမြိုင်လမ်း၊ ဘားအံ-ရွှေဂွန်း-မြိုင်ကြီးငူ ကားလမ်းတို့မှာ ယာဉ်ငယ်တွေ သွားလာလို့ မရတော့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုအချို့လဲရှိနေပါတယ်။
ဧရာ၀တီတိုင်းဒေသကြီးမှာလည်း ငဝန်တာကျိုးခဲ့ပြီးနောက် ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်၊ ငါးသိုင်းချောင်းနဲ့ ကျုံပျော်တို့မှာ ရေကြီးနစ်မြုပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

