Language:

အီရန်က ဟော်မုဇ်ရေလက်ကြား ပိတ်နိုင်ကြောင်း ခြိမ်းခြောက်


အီရန်က ဟော်မုဇ်ရေလက်ကြား ပိတ်နိုင်ကြောင်း ခြိမ်းခြောက်

အမေရိကန်၏ “စီးပွားရေးစစ်” ကို တုံ့ပြန်မည်ဟု ပြော

၂၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

အီရန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ထိပ်တန်းတာဝန်ရှိသူ မိုဟ်ဆင်ရီဇာအီ (Mohsen Rezaei)က အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ “စီးပွားရေးစစ်” ကို တုံ့ပြန်ဖျက်ဆီးသွားမယ်လို့ ကြေညာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေက အမေရိကန်ဘက်က ရပ်တည်လာရင် ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်ပို့မှုအားလုံးကို ပိတ်ပင်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ရုပ်မြင်သံကြားမိန့်ခွန်းမှာ ရီဇာအီက “အမေရိကန်ဟာ အခုထောင့်ပိတ်နေပြီ။ သူတို့ ကတိကဝတ်တွေကို လိုက်နာရမယ်၊ မဟုတ်ရင် အခြေအနေက ပိုဆိုးလာမယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အီရန်က အီရတ်ရေနံတင်သင်္ဘောအချို့ကို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပေးထားပါတယ်။

ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံခုခုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးဖိအားပေးမှုမှာ ပါဝင်လာမယ်ဆိုရင် “ပင်လယ်ကွေ့ကနေ ရေနံတစ်စက်တောင် မဖြတ်သန်းနိုင်စေရဘူး။

ဟော်မုဇ်ရေလက်ကြားကနေလည်း မထွက်နိုင်သလို ပင်လယ်ကွေ့ကနေလည်း မထွက်နိုင်ဘူး” လို့ ရီဇာအီက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ရီဇာအီရဲ့ အဆိုအရ အမေရိကန်က ဇူလိုင်လလယ်ပိုင်းမှာ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့အရေးယူမှု ပြန်စတင်ခဲ့ပေမယ့်၊ ပြီးခဲ့တဲ့ တစ်လကနေ နှစ်လအတွင်း အီရန်က ရေနံစည်ပေါင်း သန်း (၇၀) တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ ရေနံပမာဏဟာ တစ်ရက်ကို ပျမ်းမျှ ရေနံစည် (၈) သန်းကနေ (၉) သန်းကြား ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမေရိကန်ရေတပ်ရဲ့ အကူအညီနဲ့ ရေနံကုမ္ပဏီတွေဟာ သင်္ဘောတွေမှာ တည်နေရာပြစနစ် (Transponder) ကို ပိတ်ထားပြီး “Dark Transit” လို့ ခေါ်တဲ့ နည်းလမ်းနဲ့ ပင်လယ်ကွေ့အတွင်းက ရေနံကို ဟော်မုဇ်ရေလက်ကြားကိုဖြတ်ကာ အိုမန်ပင်လယ်ကွေ့အထိ ပို့ဆောင်ပြီး၊ အဲဒီနေရာမှာ ဝယ်ယူသူတွေရဲ့ ရေနံတင်သင်္ဘောတွေထံ လွှဲပြောင်းတင်ဆောင်နေကြတယ်လို့လည်း ဆိုထားပါတယ်။

#စီးပွားရေးစစ်

#အရှေ့အလယ်ပိုင်း

#အီရန်

#အမျိုးသားလုံခြုံရေးထိပ်တန်း

#အမေရိကန်

#ဟော်မုဇ်ရေလက်ကြား

#အိုမန်ပင်လယ်ကွေ့

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin