Language:

အဝေးသင်ပညာရေးစနစ်မှာ ဝိဇ္ဇာကျောင်းသားတွေ Assignment (၂) ကြိမ် လုပ်ရမယ်


အဝေးသင်ပညာရေးစနစ်မှာ ဝိဇ္ဇာကျောင်းသားတွေ Assignment (၂) ကြိမ် လုပ်ရမယ်

၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

အဝေးသင်တက္ကသိုလ်ပညာရေးစနစ်မှာ သင်ကြားမှုပုံစံနဲ့ စာမေးပွဲမေးခွန်းပုံစံတွေကို ပြောင်းလဲဖို့ စီစဉ်နေပြီး ဝိဇ္ဇာဘာသာရပ် တက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ Assignment (၂) ကြိမ် လုပ်ဆောင်ရမယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အဝေးသင်ပညာရေးစနစ်မှာ ကျောင်းသူ/သားတွေဟာ တက္ကသိုလ်ကို နေ့စဉ်တက်ရောက်စရာမလိုဘဲ သတ်မှတ်ထားတဲ့ သင်ခန်းစာ စာအုပ်တွေနဲ့ ကိုယ်တိုင် လေ့လာသင်ယူရတဲ့ပုံစံကို အဓိကထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်ခန်းစာလေ့လာရေးအထောက်အကူပြု စာအုပ်၊ အသံနဲ့ ဗီဒီယိုသင်ခန်းစာ၊ အနီးကပ်သင်တန်းက တစ်ဆင့် ပညာသင်ယူနိုင်တဲ့စနစ်ဖြစ်ပြီး အထူးသဖြင့် သိပ္ပံဘာသာရပ်တွေမှာ လက်တွေ့သင်ကြားမှုနဲ့ အနီးကပ်သင်တန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလို သင်ကြားမှုပုံစံရှိနေတဲ့ အဝေးသင်ပညာရေးစနစ်ကို ပိုမိုထိရောက်ကောင်းမွန်လာစေဖို့ သင်ကြားရေးနည်းလမ်းတွေနဲ့ စစ်ဆေးအကဲဖြတ်တဲ့ ပုံစံတွေကို ပြန်လည်ပြုပြင်ဖို့ စီစဉ်လာတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခတွေနဲ့ ဆရာ၊ ဆရာမတွေတို့ တွေ့ဆုံစဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ပြောကြားလိုက်တာပါ။

ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်အရ အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်လာစေဖို့ အလုပ်ရုံဆွေးနွေးပွဲ (Workshop) တွေ ကျင်းပပြီး သင်ကြားရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဝိဇ္ဇာဘာသာရပ်ကျောင်းသားတွေကို Assignment (၂)ကြိမ် လုပ်ဆောင်ရမယ့် အစီအစဉ်လည်း ပါဝင်ကာ ပထမအကြိမ် Assignment ကို သတ်မှတ် အချိန်အတိုင်း ပုံမှန်တင်သွင်းရမှာဖြစ်ပြီး ဒုတိယအကြိမ်ကိုတော့ တက္ကသိုလ်သို့ ကိုယ်တိုင်လာရောက်ကာ အတန်းတက်ရောက် သင်ယူကာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ထို့ကြောင့် အဝေးသင်ကျောင်းသားတွေအနေနဲ့ ကိုယ်တိုင်လေ့လာသင်ယူရတဲ့ပုံစံအပြင် တက္ကသိုလ်မှာ လူကိုယ်တိုင်တက်ရောက်သင်ယူရမယ့် အစီအစဉ်တွေကိုလည်း ပိုမိုပါဝင်လာတော့မှာဖြစ်ပါတယ်။

#အဝေးသင်ပညာရေးစနစ်

#ဝိဇ္ဇာကျောင်းသားတွေ

#Assignment(၂)ကြိမ်

#လုပ်ရမယ်

ဆက်စပ်သတင်းများ

Eastern Thanlwin