၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ရွှေဘုန်း
မိုင်းလား ကျားဖြန့်လုပ်ငန်းတွေနှင့် ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးနေရာကို “ဝ”ပြည်သွေးစည်းသွေးစည်းညီညွတ်ရေးပါတီ UWSP ဒုဥက္ကဋ္ဌ ဦးလောယာကုကို ယာယီဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လက ခန့်အပ်ခဲ့တယ်လို့ “ဝ” ဒေသကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီခဲ့တဲ့ ဇူလိုင် (၂၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရာထူးခန့်အပ်လွဲပြောင်းတဲ့ အခမ်းအနားကိုလည် UWSP/ UWSA အထွေထွေအတွင်းရေမှူး ပေါက်အိုက်ခမ်းနှင့်အတူ သက်ဆိုင်ရာ ဗဟိုဌာနအကြီးအကဲတွေ စုံစုံညီညီတက်ရောက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီအခမ်းအနားမှာ အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းက “ဗဟိုရဲ့ ဆုံးဖြတ်ချက်အရ ဝန်ကြီးအသစ်ကို တရားဝင် မရွေးချယ်ရသေးခင်အထိ ဒုတိယဥက္ကဋ္ဌ ဦးလောယာကုက ဝန်ကြီးဌာနရဲ့ အလုပ်တွေကို ယာယီကြီးကြပ်သွားမှာဖြစ်ပါတယ်။ အရင်ဝန်ကြီးဟောင်းရဲ့ ပြဿနာတွေကို စုံစမ်းအရေးယူတာဟာ ကျွန်တော်တို့ပါတီအနေနဲ့ စည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်ဆိုတာကို ပြသတာပဲဖြစ်တယ်။ ခေါင်းဆောင်တွေအားလုံးက ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး ပါတီရဲ့ စည်းကမ်းတွေကို သေချာလိုက်နာကြဖို့လိုပါတယ်။ ဝန်ကြီးအပြောင်းအလဲဖြစ်တာကြောင့် အလုပ်တွေ ရပ်မသွားစေဖို့နဲ့ စိုက်ပျိုးရေးရာသီဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက ကွင်းဆင်းပြီး တောင်သူတွေကို သေချာလမ်းညွှန်ပေးကြပါ။ စီမံခန့်ခွဲမှုမှာရှိနေတဲ့ ဟာကွက်တွေကို ရှာဖွေပြင်ဆင်ပြီး ဝန်ကြီးဌာနရဲ့ ပုံရိပ်ကောင်းကို ပြန်လည် တည်ဆောက်ကြဖို့လိုပါတယ်။ အဓိကကတော့ ပြည်သူတွေ ဝမ်းစာဖူလုံဖို့နဲ့ စားနပ်ရိက္ခာအတွက်ကို အလေးပေး လုပ်ဆောင်သွားကြဖို့” လိုအပ်တယ်လို့ ပြောကြားခဲ့တယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ်အောက်တိုဘာလကလည်း ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုတဲ့ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးကို ရာထူးကဖယ်ရှားခဲ့ပါတယ်။ UWSA / UWSP သည် ကျားဖြန့်အမှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှုနှင့် အာဏာအလွှဲသုံးစားလုပ်တဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးအရေးယူတာ၊ ရာထူးကထုတ်ပယ်တာ၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်တာနှင့် ဒဏ်ကြေးငွေပေးဆောင်တာမျိုးတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

