၁၉ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့ရှိ ဂေါက်ကွင်းသွားလမ်း၊ ရွှေမြန်မာ ဟိုတယ်ရှေ့ လမ်းဆုံမှာ အောက်တိုဘာ (၁၈) ရက် ညနေပိုင်းက ဆိုင်ကယ်နှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ပြီး အတိုက်ခံရသူမှာ စိုးရိမ်ဒဏ်ရာများရရှိခဲ့တယ်လို့ တာချီလိတ် အမှတ်(၁၂၁)ယာဥ်ထိန်းရဲတပ်ဖွဲ့ထံက သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာလ (၁၈)ရက် ညနေပိုင်းက အားကစားရုံလမ်းကနေ ရွှေမြန်မာဟိုတယ်ရှေ့ လမ်းဆုံအနီး အမျိုးသား တစ်ဦး မောင်းနှင်လာတဲ့ WAVE 110 ဆိုင်ကယ်ကို NINJA 400 အမျိုးအစား ဆိုင်ကယ် ဘီးကြီးမောင်းနှင်သူ အမျိုးသားက အနောက်ကနေ အရှိန်နဲ့ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခံရသူ အမျိုးသား ဦးထွန်းကြိုင်ဟာ အခင်းဖြစ်ပွားတဲ့နေရာမှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာများနှင့် သတိမေ့မျောနေကာ စိုးရိမ်ဒဏ်ရာများရရှိခဲ့ကာ အနောက်ကနေ အရှိန်နဲ့တိုက်ခဲ့တဲ့ ဆိုင်ကယ် ဘီးကြီးမောင်းနှင်သူ အမျိုးသားက အခင်းဖြစ်ပွားတဲ့နေရာမှာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပြေးသွားခဲ့တဲ့ တရားခံကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့ရာ အသက် (၃၄) နှစ်အရွယ် ဖြိုးပြည့်အောင် ဆိုသူဖြစ်ပြီး ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်စျေးအတွင်းရှိ နေအိမ်ဆိုင်ခန်းမှာ ၎င်းမောင်းနှင်ခဲ့တဲ့ ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
လက်ရှိမှာ ဖြစ်စဥ်နဲ့ပတ်သတ်ပြီး တရားခံ ဖြိုးပြည့်အောင်ကို တာချီလိတ်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စီစဥ်နေတယ်လို့ သိရပါတယ်။

