၇ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
ကိုရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဖန်နားပိုကျေးရွာအနီးမှာ အောက်တိုဘာ(၅)ရက်နေ့က ကလေးငယ် ၃ ဦး ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဆေးစွဲနေသည့် ဦးလေးဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း အရှေ့သံလွင်မီဒီယာမှ သိရှိရပါတယ်။
အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက မိဘနှစ်ဦး တောင်ယာသို့ သွားရောက်လုပ်ကိုင်ချိန် ကလေး ၃ ဦးကို နေအိမ်တွင်ထားခဲ့ရာမှ နေ့လယ်ပိုင်း ပြန်လည်ရောက်ရှိချိန်တွင် ကလေးတစ်ဦးသာ နေအိမ်၌ကျန်ခဲ့ပြီး ကျန်ကလေး ၂ ဦးကို မတွေ့ရတော့ကြောင့် မိသားစုဝင်များနှင့် ရွာသားများက ဝိုင်းဝန်းရှာဖွေခဲ့ရာ ဖန်နားပိုကျေးရွာ၏ မြောက်ဘက်ရှိ တောင်ကျစမ်းချောင်းအတွင်း ကလေး ၃ ဦးစလုံးကို ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူများမှာ ဖန်နားပိုကျေးရွာ၊ ကျတီကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေါ်ဘူးညီးနှင့် ဦးလော်ဖီးတို့၏ သားများဖြစ်သည့် လော်နောင် (ခ) လော်ဖူ အသက် ၁၂ နှစ်၊ ယားပါလုံး အသက် ၉ နှစ်နှင့် အားဖြို အသက် ၅ နှစ်တို့ ဖြစ်ကြသည်။
“အသတ်ခံရတာတော့ဟုတ်တယ် ဒါပေမယ့် တရားခံတော့ ရေရေရာရာ မသိသေးဘူး။ လောလောဆယ်တော့ ဦးလေးကသတ်တယ်လို့ ဆေးကြောင်ပြီး သတ်တယ်လိုတော့ အကြံမျဥ်းအဲလိုမျိုး အပြင်မှာပေါ့ သတင်းတွေအဲလိုမျိုးထွက်နေတယ် အခုမှ စစ်တုံးဘဲရှိသေးတယ် သေချာမသိသေးဘူး”လို့ လုံခြုံရေးနဲ့ နီးစပ်သူတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
အမှုဖြစ်စဉ်နဲ့ပါတ်သတ်ပြီး မိုင်းဆတ်ရဲစခန်းမှ စစ်ဆေးနေဆဲဖြစ်ပြီး ကလေးငယ် ၃ ဦး ရေနစ်သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသလို ဦးလေးဖြစ်သူက ကြက်ဥခိုးလို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ကလေးငယ် ၃ ဦးတွင် ဦးခေါင်းနှင့် နားထင်များ၌ ကွဲအက်၊ ကြေမွဒဏ်ရာများအပြင် နောက်ကျောနှင့် မျက်နှာတို့တွင် ပြတ်ရှ၊ ညိုမဲဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
လက်ရှိတွင်ကလေးငယ် ၃ ဦး သေဆုံးမှုနှင့်ပတ်သက်၍ မိုင်းဆတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးထားသည့် ဦးလေးဖြစ်သူကိုလည်း ဆက်လက်စစ်ဆေးကာ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါတယ်။

