၃ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
NPW
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အာဆာအဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လျစ်လျုရှုပြီး နိုင်ငံရေးလှုံ့ဆော်မှုအနေနဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ သတင်းဖော်ပြချက်တွေကို ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ စက်တင်ဘာ (၂) ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။
“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေရဲ့ အရင်းခံအကြောင်းတရားတွေနဲ့ မြေပြင်ပကတိ အခြေအနေမှန်တွေကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံအချို့ရဲ့ နိုင်ငံရေးလှုံ့ဆော်မှုအရ ထုတ်ပြန်တဲ့ ကြေညာချက်တွေ၊ ထုတ်ပြန်ပြောကြားချက်တွေနဲ့ လူမှုကွန်ရက်မီဒီယာအပါအဝင် သတင်းဖော်ပြချက်တွေကို မြန်မာနိုင်ငံက ပယ်ချသည် ” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အာဆာအဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အစွန်းရောက်ဝါဒနဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေက အခြားမြို့ရွာတွေနဲ့ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီတွေက ဘင်္ဂလားဒေ့ရှ်တို့ကို နေရပ်စွန့်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
အဲ့ဒီ အရင်းခံအကြောင်းတရားတွေနဲ့ မြေပြင်ပကတိအခြေအနေမှန်တွေကို လျစ်လျူရှုပြီး မြန်မာနိုင်ငံရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုတွေကို မပြုလုပ်သင့်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေဟာ အာဆာအဖွဲ့ရဲ့ တပြိုင်နက်တည်း အကွက်ချကြိုတင်စီစဉ် စတင်တိုက်ခိုက်ခဲ့တာကြောင့် ဖြစ်ပေါ်လာရတယ်ဆိုတဲ့ အချက်ကိုလည်း အဆိုပါ ကြေညာချက်တွေနဲ့ ထုတ်ပြန်ပြောကြားချက်တွေမှာ အသိအမှတ်ပြုဖို့ ပျက်ကွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ကမ္ဘာ့နိုင်ငံအချို့က အာဆာအကြမ်းဖက်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လျစ်လျူရှုထားတာကြောင့် အကြမ်းဖက်မှုရဲ့ အသွင်သဏ္ဌာန်မျိုးစုံနဲ့ လုပ်ရပ်တွေ အားလုံးကို ရှုံ့ချသင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးအမည်နဲ့ လွဲမှားစွာ သုံးစွဲဖော်ပြနေတဲ့ အခြေအနေကိုလည်း ပြတ်သား စွာကန့်ကွက်ကြောင်းနဲ့ အဆိုပါ စကားရပ်ကို အသုံးပြုပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် ကြေညာချက်တွေနဲ့ ထုတ်ပြန်ပြော ကြားချက်တွေ ထုတ်ပြန်နေတာကိုလည်း လက်မခံပါဘူးလို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
အဲ့ဒီ ဆောင်ရွက်ချက်တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၂၀၁၇၊ ၂၀၁၈ ခုနှစ်တို့မှာ သဘောတူထားတဲ့ စိစစ်ပြီး နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးအတွက် အပြုသဘောဆောင်တဲ့ အထောက်အပံ့ဖြစ်မှာလည်း မဟုတ်ဘူးလို့ ဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေသူအားလုံးကို မြန်မာနိုင်ငံကလို့ စွပ်စွဲပြောဆိုချက်တွေ အပေါ်မှာလည်း စိုးရိမ်မကင်းဖြစ်ရကြောင်း ထပ်လောင်းဖော်ပြအပ်သလို ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေး မြန်မာနိုင်ငံက ဆောင်ရွက်နေတာပါလို့ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အာဆာအကြမ်းဖက်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကနဦး ကျူးလွန်ခဲ့သလို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှာလည်း အာဆာအကြမ်းဖက်တွေက ရခိုင်ပြည် နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်နက်တည်း အကွက်ချတိုက်ခိုက်ခဲ့လို့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံကို ကာကွယ်ပိုင်ခွင့်နဲ့ နိုင်ငံနဲ့လူမျိုးအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်တာမှာလည်း ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ (RoE)နဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

