၂၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ကုန်းအကြားရှိ ရိုးအတွင်း လှေအပျော်တမ်းထွက်လှော်သူနှစ်ဦး လှေမှောက်ရာကနေ တစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပျော်ကြားချက်အရ ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ကုန်းအကြား ရွာသစ်ကုန်းတံတားအနီးရှိ ရိုးချောင်းအတွင်း၌ မနေ့က ဩဂုတ်လ (၂၇) ရက်ည (၁၁)နာရီဝန်းကျင်မှာ အမျိုးသားနှစ်ဦး လှေထွက်လှော်တာဖြစ်တယ်လို့ သိရပါတယ်။
” အရက်တွေ ဘာတွေ သောက်ထားပုံရပါတယ်။ လှေထွက်လှော်ကြတာ ၊ သတင်းကြားလို့ သွားကြည့်တော့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်နေပြီ။ ညကတည်းကရှာကြတာ တစ်ယောက်တော့ ရလိုက်နိုင်တယ်။ တစ်ယောက်က ခုမနက်ထိပျောက်နေတုန်း ၊ ရှာမတွေ့သေးဘူး” လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးက အရှေ့သံလွင်ကို ပြောပါတယ်။
အခင်းဖြစ်နေရာသို့ ငါးသိုင်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသတွင်းပရဟိတအဖွဲ့များနဲ့ ဒေသခံများ ညတွင်းချင်း ဝိုင်းဝန်းရှာဖွေခဲ့တဲ့အတွက် အမျိုးသားတစ်ဦးကို အသကိရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သို့သော် အသက် (၃၀) ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမှာ ရေစီးနဲ့ မျောပါပျောက်ဆုံးနေပြီး ယနေ့ မနက်ပိုင်းအထိ မတွေ့သေးကြောင်းလည်း ဒေသခံများက ဆိုသည်။
ရေကြည်မြို့နဲ့ ငသိုင်းချောင်းမြို့ဟာ လေးမျက်နှာရေဘေးရဲ့ နောက်ဆက်တွဲအနေနဲ့ ရေကြီးရေလျံမှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေကြည်မြို့နယ်မှာ ရေကျော်နေတဲ့လမ်းကို ဖြတ်ကူးတဲ့ ကလေးနှစ်ဦး ရေစီးနဲ့ မျောပါသွားလို့ တစ်ဦးသေဆုံးခဲ့ပါသေးတယ်။

