Language:

ပြည်ပကနေ ပြည်တွင်းဘဏ်တွေရဲ့ Mobile Pay အသုံးပြုမှုကို ကန့်သတ်လိုက်ဟု သတင်းထွက်ပေါ်လာ၊ ပြည်တွင်းဘဏ်တွေဘက်က ဖြေရှင်းချက်မရှိသေး


ပြည်ပကနေ ပြည်တွင်းဘဏ်တွေရဲ့ Mobile Pay အသုံးပြုမှုကို ကန့်သတ်လိုက်ဟု သတင်းထွက်ပေါ်လာ၊ ပြည်တွင်းဘဏ်တွေဘက်က ဖြေရှင်းချက်မရှိသေး

၂၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် KBZ Pay၊ Wave၊ AYA Pay၊ CB Pay နဲ့ Mobile Banking ဝန်ဆောင်မှုတွေကို ကန့်သတ်လိုက်တယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ မြန်မာနိုင်ငံပြင်ပကနေ အဆိုပါ Digital Banking နဲ့ Payment ဝန်ဆောင်မှုတွေကို ဝင်ရောက်အသုံးပြုမှု ကန့်သတ်နိုင်ဖို့ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဲဒီလို ကန့်သတ်ရာမှာတော့ အသုံးပြုသူရဲ့ တည်နေရာကို စစ်ဆေးတဲ့ Location-based Restriction၊ IP Address အပေါ်မူတည်ပြီး ကန့်သတ်တဲ့ IP-based Restriction နဲ့ နိုင်ငံအလိုက် ဝင်ရောက်ခွင့်ပိတ်နိုင်တဲ့ Geo-blocking စတဲ့ နည်းပညာတွေကို အသုံးပြုဖို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘဏ်တွေအနေနဲ့ ဒီလိုကန့်သတ်မှုတွေကို ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာကို ဩဂုတ် ၂၈ ရက် နောက်ဆုံးထားပြီး ပြန်လည်တင်ပြရမယ်ဆိုတဲ့ အချက်လည်း ထွက်ပေါ်လာပါတယ်။

ဒီသတင်းနဲ့ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတချို့က ဩဂုတ် ၂၆ ရက်ကစပြီး CB Pay ကို Login ဝင်ရောက်အသုံးပြုလို့ မရတော့ဘူးလို့ ပြောဆိုမှုတွေ ရှိလာပါတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တချို့ရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်တဲ့ Pay ကတဆင့် ငွေလွှဲ၊ ငွေလက်ခံတာတွေ မနေ့ကစလို့ သုံးလို့မရနေကြောင်း ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတချို့ကလည်း သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေကတဆင့် အသိပေးပြောကြား မှုတချို့တွေရှိလာပါတယ်။

လတ်တလောမှာလည်း ပြည်ပအသုံးပြုမှုနဲ့ ပတ်သက်ပြီး စည်းမျဉ်းအသစ် ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ပြည်တွင်း ဘဏ်အချို့နဲ့ နီးစပ်သူတွေကပြောပါတယ်။

အခုအချိန်အထိ ဗဟိုဘဏ်ဘက်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ Pay နဲ့ Mobile Banking အသုံးပြုခွင့်ကို အပြီးတိုင်ပိတ်မယ်ဆိုတဲ့ တိကျတဲ့ ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒါကြောင့် ပြည်ပကနေ အဆိုပါဝန်ဆောင်မှုတွေကို အမှန်တကယ် ကန့်သတ်သွားမလား၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲပဲလားဆိုတာကတော့ သက်ဆိုင်ရာဘဏ်တွေနဲ့ ဗဟိုဘဏ်ဘက်က ထပ်မံထုတ်ပြန်လာမယ့် အချက်အလက်တွေပေါ် မူတည်ပြီး ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပေါ်နေပါတယ်။

#ပြည်တွင်းဘဏ်

#MobileBanking

#DigitalBankingPayment

#CBPay

#MobilePay

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin