၁၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်းတန်ဖိုးရှိ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁၄)ခုကို ခွင့်ပြုပေးလိုက်ပြီး အဆိုပါလုပ်ငန်းတွေကနေ အလုပ်အကိုင်အခွင့်အလမ်း (၃,၃၃၆) ခုအထိ ဖန်တီးပေးနိုင်မယ်လို့ ထုတ်ပြန်လာပါတယ်။
သြဂုတ် ၁၄ ရက်မှာ နေပြည်တော်ရုံးအမှတ် (၅) အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးမှာ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ခွင့်ပြုလိုက်တဲ့ လုပ်ငန်း (၁၄)ခုရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်းအပြင် ကျပ် ၁,၁၇၈,၇၃၁ ဒသမ ၉၂၅ သန်းလည်း ပါဝင်ပါတယ်။
အခုခွင့်ပြုလိုက်တဲ့ လုပ်ငန်းတွေထဲမှာ စက်သုံးဆီအရောင်းဆိုင်၊ တန်ဖိုးနည်းအိမ်ရာ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ ပါဝင်သလို မော်တော်ယာဉ်နဲ့ လျှပ်စစ်သုံးယာဉ်တွေကို SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးလုပ်ငန်းသုံး ထော်လာဂျီယာဉ် ထုတ်လုပ်ရောင်းချရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ လူသုံးကုန်လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး၊ ပလတ်စတစ်ထုတ်ကုန်၊ ဖိနပ်နဲ့ စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ အကောင်အထည်ဖော်လာတာနဲ့အမျှ လုပ်ငန်းကဏ္ဍ အမျိုးမျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းအသစ် (၃,၃၃၆) ခု ပေါ်ပေါက်လာနိုင်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကရည်ရွယ်ထားပါတယ်။

