၁၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်ခရိုင်အတွင်းက တာလေနဲ့ ကျိုင်းလပ်မြို့နယ်မှာ အသုံးပြုနေတဲ့ လျှပ်စစ်ကို ကျေးလက်နဲ့ မြို့အလိုက် မီးလင်းရေးကော်မတီဖွဲ့စည်းကာ လာအိုနိုင်ငံကတဆင့် မဲခေါင်မြစ်ကိုဖြတ်ပြီး ဓါတ်အားလိုင်းသွယ်တန်းကာ ဝယ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။
တာလေနဲ့ ကျိုင်းလပ်မြို့နယ်အတွင်း လျှပ်စစ်မီတာဘောက်နဲ့ လျှပ်စစ်ဓါတ်အားခ ယူနစ်တွေ ဈေးနှုန်းကြီးမြင့်တာကြောင့် ဒေသခံတွေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို တင်ပြခဲ့ရာ ကိုယ်စားလှယ်ရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် မကြာခင် ဈေးနှုန်းလျော့ချ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
“တာလေ၊ ကျိုင်းလပ်တော့ ညှိနှိုင်းပေးလို့ လျှော့သွားပါပြီ။ မိုင်းဖုန်းဘက်ကိုတော့ ဟိုနေ့က ပြောထားတယ်။ သူတို့လည်း တာချီလိတ် ဦးဆောင်ကော်မတီကောက်ခံသလို ကောက်ခံနေတယ် ပြောပါတယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
တာလေနဲ့ ကျိုင်းလပ်မြို့နယ်အတွင်းက လျှပ်စစ်မီးတာခတွေကို ယခု သြဂုတ်ကနေစတင်ပြီး ဈေးနှုန်းလျှော့ကောက်ခံမှာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ တင်ပြချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ၎ငထပ်မံပြောကြားပါတယ်။
ယခင်က မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီတာခကို တစ်ယူနစ် (၆)ဘတ်ကောက်ခံနေရာက အခုအခါ တစ်ယူနစ် (၅)ဘတ် ပြား(၈၀)နဲ့ လုပ်ငန်းသုံး ပါဝါမီတာကို ယခင်က တစ်ယူနစ် (၇)ဘတ်(၂၅)ပြားကနေ (၇)ဘတ်သာ လျော့ပေးကာ ပြောင်းလဲကောက်ခံမှာဖြစ်ပါတယ်။
မီတာတပ်ဆင်ခနဲ့ မီတောက်ဘောက်တန်ဖိုးကိုလဲ ယခင်က အိမ်သုံးမီတာ တစ်လုံးကို ဘတ်(၂၄၀၀၀)မှ ယခုအခါ (၂၂၀၀၀)ဘတ်အထိ ဘတ်(၂)ထောင် လျော့ချထားကာ လုပ်ငန်းသုံး ပါဝါမီတာဘောက်ကို ယခင်က ဘတ်(၆၀၀၀၀)မှ ယခုအခါ ဘတ်(၅၇၀၀၀)အဖြစ် ဘတ်(၃)ထောင် လျော့ချမှာဖြစ်တယ်လို့ သိရှိရပါတယ်။

