၁၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
NPW ၊ ကိုရဲ
“ဝ”ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသော ဝဒေသအတွင်း ခရစ်ယာန်ဘုရားကျောင်းတချို့ကို ယာယီပိတ်ထားတာဟာ ဘာသာရေး လွတ်လပ်ခွင့်ကို ကန့်သတ်တာမဟုတ်ဘဲ အစွန်းရောက်သည့် ဘာသာရေးလှုပ်ရှားမှုတွေ ဝင်ရောက်လာတာကြောင့် ဘုရားကျောင်းအချို့ ယာယီပိတ်သိမ်းထားတာဖြစ်တယ်လို့ “ဝ”တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပါတယ်။
“၀” ပြည်နယ်အတွင်းရှိ ဘုရားကျောင်းအချို့ ယာယီပိတ်သိမ်းထားတာ မှန်ကန်ကြောင်း UWSA ရဲ့ ပြောခွင့်ရ ဦးညီရမ်းက မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဆိုရှယ်မီဒီယာကတဆင့် ပြန်လည်ဖြေကြားလိုက်ပါတယ်။
“ဘုရားကျောင်းအချို့ ယာယီပိတ်သိမ်းထားတာ မှန်ကန်ပြီး အစွန်းရောက်တဲ့ ဘာသာရေးနဲ့ ကင်းရှင်းမှုရှိရင် ပြန်လည်ဖွင့်ခွင့် ပေးသွားမှာဖြစ်တယ် ” လို့ ဦးညီရမ်းက ဖြေကြားထားပါတယ်။
“၀” ပြည်နယ်အတွင်းမှာ စည်းကမ်းရှိတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ဥပဒေပြုပြဌာန်းထားပြီး “၀” ပြည်ပြင်ပကနေ တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးတာကိုတော့ ခွင့်ပြုမထားဘူးလို့ ဆိုထားပါတယ်။
အစွန်းရောက် ဘာသာရေးအဖွဲ့တွေရဲ့ သွန်သင်ဆုံးမမှုတွေထဲမှာ ဖျားနာတဲ့အခါ ဆေးသောက်စရာမလိုဘဲ ဘုရားက ကောင်းမွန်စေမယ်၊ အလုပ်လုပ်စရာမလိုဘူးဆိုတဲ့ မှားယွင်းတဲ့ ယုံကြည်ချက်မျိုးတွေ ပါဝင်တယ်လို့ UWSA ဘက်က ရှင်းပြထားပြီး ပန်ဆန်းတွင် အသင်းတော် (၂၀)ကျော်နှင့် နားဝီးတွင် အသင်းတော် ၇ ခုလုံး ပိတ်ထားပြီး ဒေသအခေါ် “ယေရှုတရုတ်မ”ဟု ခေါ်ဆိုသည့် ခရစ်ယာန်အမည်ခံ တရုတ်ဂိုဏ်းအဖွဲ့များနှင့် ဆက်နွယ်သည့် ယူဆရသူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းရဲ့ ရှင်းလင်းချက်မှာတော့ “၀” ဒေသတစ်ခုလုံးက ခရစ်ယာန်ဘုရားကျောင်းတွေကို ပိတ်ထားတာမဟုတ်ဘဲ အစွန်းရောက်ဘာသာရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ ဘုရားကျောင်းတချို့ကိုသာ ယာယီပိတ်ထားတာဖြစ်ပြီး အစွန်းရောက်ဘာသာရေး လှုပ်ရှားမှုတွေနဲ့ ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိပါက ပြန်လည်ဖွင့်ပေးမယ်လို့ ပြောကြားထာပါတယ်။
၂၀၁၈ ခုနှစ်ကလဲ “ဝ” ထိန်းချုပ်မှုဧရိယာအတွင်း အခုလို ဘာသာရေးအစွန်းရောက် အသင်းတော်တွေ ပေါ်ထွက်လာခဲ့ပြီး အုပ်ချုပ်ရေးကိုပါ ထိခိုက်လာတဲ့အတွက် “ဝ” တပ်ဖွဲ့က ဘုရားကျောင်းတွေကို ဖြိုဖျက်ပြီး အသင်းတော်တွေကို ပိတ်ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်လို့ ရှိရပါတယ်။

