၁၅ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေနဲ့ အကူအညီလိုအပ်နေသူတွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီငွေ ယူရို (၁၀.၅) သန်း ထောက်ပံ့ကူညီမယ်လို့ ဥရောပသမဂ္ဂ(EU)က သြဂုတ်လ (၁၄) ရက်မှာ ကြေညာထားပါတယ်။
မြန်မာနိုင်ငံက ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသူတွေနဲ့ နိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလိုထောက်ပံ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုထောက်ပံ့တဲ့ အကူအညီတွေထဲမှာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အကာအကွယ်ပေးရေး၊ ခိုလှုံရာနေရာတွေအပြင် ရေနဲ့ သန့်ရှင်းရေးပစ္စည်းတွေ ပါဝင်မယ်လို့လည်း EU က သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
အခုတစ်ကြိမ် ထောက်ပံ့မှုနဲ့ဆိုရင် ဥရောပသမဂ္ဂက ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ပေးနေတာ ယူရို (၄၉.၁) သန်းအထိ ရှိလာပြီလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ရေဘေးနဲ့ပတ်သက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ကလည်း ထောက်ပံ့ကူညီမှုတွေလုပ်နေပြီး လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူ (၁၀၀၀၀) အတွက် အာဟာရဖြည့် ဘီစကွတ်မက်ထရစ်တန်ချိန် ၂၀ ကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေထံ ပေးပို့ထားတယ်လို့ ဩဂုတ်လ (၁၃)ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

