၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
NC
ရုရှား၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ကိယက်ဗ်ဒေသရှိ ကျေးရွာတစ်ရွာမှာ သြဂုတ်(၁)ရက်နေ့က အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ အဘိုးအဘွားနှစ်ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီး (Volodymyr Zelenskiy) က ပြောကြားခဲ့ပါတယ်။
ထို့အပြင် ကိယက်ဗ်မြို့တော်ကို ညအချိန်တွင် ရုရှားက ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ လူတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဇယ်လန်စကီးက ဆိုပါတယ်။
ယူကရိန်းလေတပ်၏ အဆိုအရ အဲ့ဒီညအတွင်း ရုရှားကပဲ့ထိန်းဒုံးကျည် ၆ စင်းနှင့် ဒရုန်း ၁၅၁ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ယူကရိန်း လေကြောင်းကာကွယ်ရေးစနစ်များက ဒရုန်းအများအပြားကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနေ့က ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကိယက်ဗ်ဒေသ Brovarsky ခရိုင် အတွင်းက အိမ် (၁၀)လုံးနှင့် စီးပွားရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး မီးလောင်မှုများလည်း ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
ရုရှားရဲ့ ကိယက်ဗ်မြို့ကို တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ယူကရိန်းဘက်ကလည်း ရုရှား၏ စစ်ပွဲဆင်နွှဲနိုင်စွမ်းကို ထိခိုက်စေရန် ရည်ရွယ်၍ ရုရှားနိုင်ငံအတွင်းရှိ ရေနံစက်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းမှာ အမေရိကန်ထုတ် Patriot လေကြောင်းကာကွယ်ရေးဒုံးကျည်များ အထူးလိုအပ်နေဆဲဖြစ်ပြီး နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေ ပိုမိုလိုအပ်နေတယ်လို့ တောင်းဆိုထားပါတယ်။
ဇယ်လန်စကီးသည် ဆားဘီးယားနိုင်ငံသို့ သွားရောက်လည်ပတ်နေပြီး ရုရှားအပေါ် ဖိအားများ ပိုမိုတိုးမြှင့်ပေးရန် လိုအပ်ကြောင်း ပြောကြားထားတယ်လို့ ရိုက်တာသတင်းကဖော်ပြထားပါတယ်။

