Language:

ပြည်သူတွေရဲ့ ရင်ဖွင့်တိုင်စာ ၅၀၀ နီးပါးဖြေရှင်းပေးခဲ့၊ အွန်လိုင်းကနေ တိုင်ကြားစာပို့တဲ့ စနစ်ဆောင်ရွက်မယ်


ပြည်သူတွေရဲ့ ရင်ဖွင့်တိုင်စာ ၅၀၀ နီးပါးဖြေရှင်းပေးခဲ့၊ အွန်လိုင်းကနေ တိုင်ကြားစာပို့တဲ့ စနစ်ဆောင်ရွက်မယ်

၁၇ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

လွှတ်တော်ရဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကော်မတီက တိုင်ကြားစာ ၅၀၀ နီးပါး ကို ဖြေရှင်းပေးခဲ့ပြီး အွန်လိုင်းကတစ်ဆင့် တိုင်ကြားနိုင်တဲ့ စနစ်ကို စတင်ဆောင်ရွက်ဖို့ စီမံနေပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရက် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးရဲ့ နောက်ဆုံးရက်မှာ ကိုယ်စားလှယ်တွေကို နှုတ်ခွန်းဆက်စကားပြောတာမှာ အခုလို ထည့်သွင်းပြောတာဖြစ်ပါတယ်။

“ ပြည်သူကို အကူအညီပေးတဲ့ကဏ္ဍအနေနဲ့ လွှတ်တော်ရဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့် အရေးဆိုင်ရာကော်မတီက လူ့အခွင့်အရေးဆိုင်ရာနစ်နာသူတွေရဲ့ ရင်ဖွင့်ပြောကြားချက်တွေကို လက်ခံပေးတာမှာ ယနေ့ထိ ရင်ဖွင့်စာ(တိုင်ကြားစာ)ပေါင်း ၅၆၈ စောင် ရရှိပါတယ်။ တိုင်စာ ၄၉၉ စောင်ကို ဖြေရှင်းပေးခဲ့ပြီး ၆၁ စောင်ကိုတော့ သက် ဆိုင်ရာဌာနတွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဆောင်ရွက်ပြီးစီးတာတွေကိုလည်း မှတ်တမ်းတင်ထားပါတယ် ” လို့ ပြည်သူ့ လွှတ်တော်ဥက္ကဌက ပြောပါတယ်။

အလားတူ သက်ဆိုင်ရာကော်မတီတွေကိုလည်း အကူအညီတောင်းခံတဲ့ စာပေါင်း ၁၃၈ စောင် ရောက်ရှိခဲ့ပြီး ဖြေရှင်းပေး တာ၊ လွှဲပြောင်းပေး တာတွေကို စနစ်တကျဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

“ ဒါ့အပြင် အွန်လိုင်းကတစ်ဆင့် တိုင်ကြားစာတွေ ပေးပို့နိုင်တဲ့စနစ်ကိုလည်း စတင်ဆောင်ရွက်ဖို့ စီမံနေပြီဖြစ်ပါတယ် ” လို့ ဦးခင်ရီက ပြောပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သွားလို့ရတဲ့ မဲဆန္ဒနယ်တွေကို ကွင်းဆင်းပြီး ပြည် သူတွေရဲ့ အသံကို နားထောင်ဆွေးနွေးဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် သွားလာဖို့ ခက်ခဲ့တဲ့နေရာတွေကိုလည်း မီဒီယာ နည်းလမ်းနဲ့ မဖြစ်မနေ့ ဖြန့်ကျက်ထိတွေ့ဖို့လည်း ပြည်သူ့လွှတ်တော်ဥက္ကဌက ဆိုပါတယ်။

၂၉ ရက် ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်း ၄ ခုကို အတည်ပြုနိုင် ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၈၇ ခု၊ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၂၅၃ ခုကို ကိုယ်စားလှယ် ၂၂၃ ဦးက မေးမြန်းခဲ့ကြသလို အဆို ၉ ခုလည်း တင်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။

ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၈၇ ခုမှာ ကတိကဝတ်ဖြစ်တာ ၁၅၂ ခု၊ ကတိမဖြစ်တာ ၁၂၀ ခုရှိခဲ့သလို ကြယ်ပွင့်မပြမေးခွန်း ပေါင်း ၂၅၃ ခုမှာလည်း ကတိကဝတ်ဖြစ်တာ ၁၅၁ ခု၊ ကတိမဖြစ်တာ ၇၄ ခုရှိခဲ့ပါတယ်။ ဆွေးနွေးပြီးတဲ့ အဆို ၇ ခုမှာလည်း ၁ ခုပဲ အတည်ပြုနိုင်ပြီး ၆ ခုမှာ မှတ်တမ်းတင် စောင့်ကြည့်သာ ဖြစ်ခဲ့ပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးကိုတော့ လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီထဲမှာ ပြန်လည်ကျင်းပမယ်လို့ သိရပါတယ်။

#ရင်ဖွင့်တိုင်စာ

#ဒီမိုကရေစီအရေး

#မဲဆန္ဒနယ်

#တိုင်ကြားစာ

#ကြယ်ပွင့်ပြမေးခွန်း

ဆက်စပ်သတင်းများ

Eastern Thanlwin