Language:

မြိတ်မြို့က ဆိုင်ကယ်စီးသူတွေ အန္တရာယ်ကင်းစေဖို့ ဆိုင်ကယ်ဦးထုပ်အလုံး (၁၅၀) အခမဲ့ဝေငှပေး


မြိတ်မြို့က ဆိုင်ကယ်စီးသူတွေ အန္တရာယ်ကင်းစေဖို့ ဆိုင်ကယ်ဦးထုပ်အလုံး (၁၅၀) အခမဲ့ဝေငှပေး

၁၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

မော်တော်ဆိုင်ကယ်စီးရာမှာ အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အေးချမ်းသာယာရပ်ကွက် လေယာဉ်ကွင်းသွား လမ်းမနံဘေးမှာ အမှတ်(၇၆)ယာဉ်ထိန်းတပ်ဖွဲစု(မြိတ်)က ပြည်သူများအား အသိပညာပေးကာ ဆိုင်ကယ်ဦးထုပ် အလုံး (၁၅၀)လုံးကို အခမဲ့ဝေငှပေးလိုက်ပါတယ်။

နိုဝင်ဘာ(၁၄)ရက် နံနက်ပိုင်းက ဆိုင်ကယ်မောင်းသူတွေနဲ့ လိုက်ပါစီးနင်းသူတွေကို ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြဖို့ အသိပညာပေးပြီး ဆိုင်ကယ်ဦးထုပ်အလုံး(၁၅၀)ကို အခမဲ့ဝေငှပေးခဲ့တာပါ။

အသိပညာပေးရာမှာ အမှတ်(၇၆)ယာဉ်ထိန်းတပ်ဖွဲစု(မြိတ်) တပ်ဖွဲစုမှူး ဒုရဲမှူးကြည်စိုးက ယာဉ်အန္တရာယ် လမ်းအန္တရာယ်အကြောင်း အရာများ၊ ဆိုင်ကယ်စီးနင်းရာမှာ ဆိုင်ကယ်စီးဦးထုပ် မေးသိုင်းကြိုးတပ်ဆောင်းခြင်း အကျိုးကျေးဇူးတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်းရဲ့ ဆိုးကျိုးတွေကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူတွေက ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်တွေလည်း ဝေငှပေးခဲ့ပါတယ်။

ထို့နောက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦး၊ မြိတ်ခရိုင် ရဲတပ်ဖွဲမှူး ဒုရဲမှူးကြီးသန်းနုနဲ့ တာဝန်ရှိသူများ၊ အမှတ်(၇၆)ယာဉ်ထိန်းတပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့ဝင်တွေက ပြည်သူတွေ ဆိုင်ကယ်စီးရာမှာ အန္တရာယ်ကင်းစေဖို့ ဆိုင်ကယ်ဦးထုပ်အလုံး(၁၅၀)ကို အခမဲ့ဝေငှပေးခဲ့ကြတယ်လို့ သိရပါတယ်။

#မြိတ်မြို့

#ဆိုင်ကယ်မောင်းနှင်သူ

#ဆိုင်ကယ်ဦးထုပ်

#အခမဲ့ဝေငှပေး

ဆက်စပ်သတင်းများ

Eastern Thanlwin