Language:

အမြန်လမ်းမကြီး အဆင့်မြှင့်တင်မယ့် လုပ်ငန်း ပုဂ္ဂလိကကို ပေးမလုပ်သေး


အမြန်လမ်းမကြီး အဆင့်မြှင့်တင်မယ့် လုပ်ငန်း ပုဂ္ဂလိကကို ပေးမလုပ်သေး

၁၄ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အဆင့်မြှင့်တင်ဖို့အတွက် နိုင်ငံတကာကနေ အကူအညီရနိုင်တဲ့ အခြေအနေတွေရှိနေလို့ ပုဂ္ဂလိက ကဏ္ဍကို ပေးလုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)က ဒေါ်စိုးစိုးမြင့်ရဲ့ ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီအဆင့်မြှင့်တင်ပေးဖို့နဲ့ လမ်းမျက်နှာပြင်ပျက်စီးတာတွေကို Asphalt Overlay ခင်းတာတွေ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့တာပါ။

“ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ပုဂ္ဂလိကကဏ္ဍ PPP စနစ်နဲ့ ရင်းနှီးမြှပ်နှံဆောင်ရွက်ဖို့က အမြန်လမ်းမကြီးရဲ့ မန္တလေး-မတ္ထီလာလမ်းပိုင်းက နေပြည်တော်-ကျောက်ဖြူလမ်းစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်းကောင်း၊ မတ္ထီလာ-ဘောနတ်ကြီး(ပဲခူး)လမ်းပိုင်းက အိန္ဒိယ-မြန်မာ-ထိုင်း (၃) နိုင်ငံ လမ်းစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်းကောင်း၊ နိုင်ငံတကာချေးငွေ၊ ထောက်ပံ့ငွေတို့နဲ့ အဆင့်မြင့်တင်လာနိုင်တဲ့အခြေအနေရှိတာကြောင့် လတ်တလော ပုဂ္ဂလိကကဏ္ဍကို ပေးဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။” လို့ ဒုတိယ ဝန်ကြီးက ပြောပါတယ်။

ကတ္တရာကွန်ကရစ်ခင်းတာကိုလည်း နှစ်အလိုက် ဘဏ္ဍာရန်ပုံငွေရရှိတဲ့အပေါ်မူတည်ပြီး ဆောင်ရွက်ခဲ့ကာ ၂၀၂၄-၂၀၂၅ နဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွေမှာ တစ်နှစ်ကို ပျမ်းမျှလမ်းအရှည် (၃၁)မိုင်ခန့် ခင်းနိုင်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာလည်း ပြည်ထောင်စုရဲ့မူလငွေလုံးငွေရင်းရန်ပုံငွေနဲ့ ကတ္တရာကွန်ကရစ်လမ်း မိုင်(၅၀) ခင်းနိုင်မှာဖြစ်သလို ပြည်ထောင်စုရဲ့ဖြည့်စွက် ရန်ပုံငွေနဲ့လည်း ၆ မိုင် ၄ ဖာလုံ ခင်းဖို့လျာထားတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှာလည်း ၂၅ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းခင်းတာနဲ့ ထပ်ပိုးလွှာ ၃၆ မိုင် ၄ ဖာလုံ ခင်းဖို့လည်း ရန်ပုံငွေလျာထားတောင်းခံထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးဟာ စုစုပေါင်းလမ်းအရှည် ၃၆၅ မိုင် ၃ ဖာလုံ ရှိပြီး လက်ရှိ လမ်းအခြေအနေမှာ မူလကွန်ကရစ်လမ်းပေါ် ကတ္တရာကွန်ကရစ်ခင်းပြီးတဲ့ လမ်း ၁၂၂ မိုင် ၅ ဖာလုံနဲ့ ကွန်ကရစ်လမ်း ၂၄၂ မိုင် ၆ ဖာလုံ ဖြစ်တယ်လို့ သိရပါတယ်။

#ရန်ကုန်-မန္တလေး

#အမြန်လမ်းမကြီး

#အဆင့်မြှင့်တင်မှု

#ပုဂ္ဂလိကလုပ်ငန်း

ဆက်စပ်သတင်းများ

Eastern Thanlwin