၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ဆွေးနွေးမှုများ တိုးတက်နေသဖြင့် စစ်ရေးတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ရန် မလိုအပ်နိုင်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် အီရန်အနေဖြင့် ခိုင်မာသည့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်းလည်း သတိပေးခဲ့သည်။
CNN နှင့် မိနစ် ၂၀ ကြာ ဖုန်းဖြင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရမ့်က အီရန်ကို ထပ်မံတိုက်ခိုက်ရန် ဖြစ်နိုင်ခြေနည်းကြောင်း အကြိမ်ကြိမ် ပြောခဲ့သော်လည်း တိုက်ခိုက်မှုများ ပြန်လည်စတင်ပါက ပစ်မှတ်များကို သတ်မှတ်ထားပြီးဖြစ်ကြောင်း ဆိုသည်။ အီရန်ရှိ တံတား ၃၈ စင်းကို တစ်နာရီအတွင်း ဖျက်ဆီးနိုင်သည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။
ထရမ့်၏ ပြောကြားချက်နောက်ပိုင်း နိုင်ငံတကာရေနံဈေးနှုန်းများ ကျဆင်းခဲ့ပြီး ဘရန့်ရေနံတစ်စည်လျှင် ၉၇ ဒသမ ၄၈ ဒေါ်လာ၊ အမေရိကန် WTI ရေနံတစ်စည်လျှင် ၉၀ ဒသမ ၅၁ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။
တစ်ဖက်တွင် အမေရိကန်နှင့် အီရန်ကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး အိုမန်ပင်လယ်ကွေ့အတွင်း အမေရိကန်လေတပ်က ကုန်တင်သင်္ဘောတစ်စင်းကို ပစ်ခတ်ရပ်တန့်စေခဲ့သလို ရေနံတင်သင်္ဘောများ မီးလောင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အီရန်ကလည်း ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေး၊ အေးခဲထားသော ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေးနှင့် စစ်လျော်ကြေးပေးရေးအပါအဝင် တောင်းဆိုချက် ၇ ချက်ကို ကာတာမှတစ်ဆင့် အမေရိကန်ထံ ပေးပို့ထားသည်။ သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗာစ် အာရက်ချီက ဆွေးနွေးမှုများ ခေတ္တရပ်ဆိုင်းထားကြောင်း ပြောကြားထားသည်။
အမေရိကန်နှင့် အီရန်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ကာတာက ကြားဝင်ညှိနှိုင်းပေးနေပြီး ထရမ့်သည် ကာတာဝန်ကြီးချုပ်နှင့် နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

