၃၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားပေါ်က လူသွားလမ်းကို ပြည်သူတွေအတွက် ပြန်လည်ဖွင့်လှစ်ပေးဖို့ လတ်တလော အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာမျိုးသော်က ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၃ ရက်က တိုင်းဒေသကြီးလွှတ်တော်မှာ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ တံတားပေါ် ဖြတ်သန်းသွားလာသူတချို့ရဲ့ စည်းကမ်းမဲ့ လုပ်ရပ်တွေကြောင့် လူသွားလမ်းကို ပိတ်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
တံတားပေါ်မှာ လူတချို့က မော်တော်ယာဉ်သွားလမ်းပေါ်ကနေ လမ်းလျှောက်တာ၊ ယာဉ်တွေကြားကနေ ဖြတ်ကူးတာ၊ အမှိုက်နဲ့ ကွမ်းတံတွေးဗူးတွေ စွန့်ပစ်တာတွေ ပြုလုပ်ခဲ့ကြသလို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးဖို့ ယာဉ်တွေကို ရပ်တန့်စေတာနဲ့ ရေထွက်ပေါက်တွေကို အမှိုက်တွေနဲ့ ပိတ်ဆို့တာတွေပါ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုလုပ်ရပ်တွေကြောင့် ယာဉ်အသွားအလာနဲ့ လုံခြုံရေးပိုင်းမှာ အခက်အခဲတွေ ဖြစ်လာတဲ့အတွက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှာ လူသွားလမ်း အတက်အဆင်းနေရာတွေကို အတားအဆီးတံခါးတွေ တပ်ဆင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားကာ သွားလာခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးကတော့ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအနည်းငယ်ရဲ့ စည်းကမ်းမဲ့လုပ်ရပ်ကြောင့် စည်းကမ်းတကျ လိုက်နာနေထိုင်တဲ့ ပြည်သူအားလုံးပါ သွားလာခွင့်ဆုံးရှုံးရတာမျိုး မဖြစ်သင့်ဘူးလို့ ထောက်ပြခဲ့တဲ့အပြင် ဒလတံတား လူသွားလမ်းကို ပြန်လည်ဖွင့်လှစ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
လူအချို့ရဲ့ စည်းကမ်းမဲ့မှုကြောင့် အများပြည်သူပါ အခွင့်အရေးဆုံးရှုံးနေရတဲ့ ဒီအခြေအနေမှာ စည်းကမ်းဖောက်ဖျက်သူတွေကို ထိရောက်စွာ အရေးယူတာ၊ လုံခြုံရေးနဲ့ စောင့်ကြည့်ထိန်းသိမ်းမှုတွေ တိုးမြှင့်တာစတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မလားဆိုတာလည်း စဉ်းစားဖို့ လိုအပ်နေပါတယ်။
အများပြည်သူအသုံးပြုနိုင်ဖို့ တည်ဆောက်ထားတဲ့ တံတားတစ်စင်းမှာ စည်းကမ်းလိုက်နာသူတွေ အတွက်ပါ သွားလာခွင့်ပိတ်ပင်ထားရတာကြောင့် ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းနိုင်သလို ပြည်သူတွေရဲ့ အသုံးပြုခွင့်ကိုလည်း မဆုံးရှုံးစေမယ့် နည်းလမ်းတစ်ခု ရှာဖွေပေးနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
#ရန်ကုန်-ဒလတံတား

