Language:

ခွင့်ပြန်လုပ်သားများ ပြည်ပပြန်လည်ထွက်ခွာခွင့် လျှောက်ထားမှုကို ပင်လုံခန်းမသို့ ပြောင်းရွှေ့ဆောင်ရွက်မယ်


ခွင့်ပြန်လုပ်သားများ ပြည်ပပြန်လည်ထွက်ခွာခွင့် လျှောက်ထားမှုကို ပင်လုံခန်းမသို့ ပြောင်းရွှေ့ဆောင်ရွက်မယ်

၃၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေအနေနဲ့ ပြည်ပ ပြန်လည် ထွက်ခွာခွင့် လျှောက်ထားရာမှာ နိုဝင်ဘာ ၁ ရက်ကစပြီး ရန်ကုန်မြို့ မြောက်ဒဂုံရှိ ပင်လုံခန်းမမှာ လူကိုယ်တိုင် သွားရောက် လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

အရင်ကတော့ အဆိုပါလျှောက်ထားမှုတွေကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ နေပြည်တော် ရုံးအမှတ် (၅၁) မှာ စိစစ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမကို ပြောင်းရွှေ့ လုပ်ဆောင် ပေးသွားမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ Passport for Job (PJ) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားရုံသာမက ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကိုလည်း ကိုင်ဆောင်ထားဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ခွင့်နဲ့ပြန်လာပြီး ပြည်ပကို ပြန်လည်ထွက်ခွာလိုသူတွေအနေနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထားနဲ့ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ AD လိုင်စင်ရဘဏ်တွေ၊ RBL လိုင်စင်ရ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကတစ်ဆင့် လွှဲပို့ထားကြောင်း အထောက်အထားတွေ တင်ပြရမှာဖြစ်ပါတယ်။

အဲဒီလွှဲပို့ငွေ အထောက်အထားအနေနဲ့ ခွင့်ပြန်လာတဲ့အချိန်နဲ့ အနီးကပ်ဆုံး ၃ လစာ အထောက်အထားတွေ လိုအပ်မှာဖြစ်ပါတယ်။

OWIC ကတ် မပြုလုပ်ရသေးသူတွေ၊ သက်တမ်းကုန်ဆုံးနေသူတွေ၊ သက်တမ်းတစ်နှစ်အောက်သာ ကျန်ရှိသူတွေနဲ့ အလုပ်ပြောင်းလဲမှုကြောင့် ကတ်ပေါ်က နိုင်ငံ၊ ကုမ္ပဏီနဲ့ အလုပ်ရှင်အချက်အလက်တွေ ပြင်ဆင်ဖို့လိုအပ်သူတွေကိုလည်း OWIC ကတ် အသစ်လဲလှယ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်ပကို ပြန်လည်ထွက်ခွာဖို့ လျှောက်ထားလိုတဲ့ ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းအပြည့်အစုံ ယူဆောင်ပြီး နိုဝင်ဘာ ၁ ရက်ကစတင်ကာ မြောက်ဒဂုံ ပင်လုံခန်းမမှာ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

#ခွင့်ပြန်လုပ်သား

#ပြန်လည်ထွက်ခွာခွင့်

#မြောက်ဒဂုံပင်လုံခန်းမ

ဆက်စပ်သတင်းများ

Eastern Thanlwin