Language:

တာချီလိတ်မှာ အမျိုးသမီးမောင်းနှင်လာသော ဆိုင်ကယ်ကို ကားနဲ့တိုက်သူ ထွက်ပြေးလွတ်မြောက်နေ


တာချီလိတ်မှာ အမျိုးသမီးမောင်းနှင်လာသော ဆိုင်ကယ်ကို ကားနဲ့တိုက်သူ ထွက်ပြေးလွတ်မြောက်နေ

၂၈ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့ ဝမ်မိုင်အဆင်း ဂေါက်ကွင်းလမ်းပေါ်မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိရာက ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီး တစ်ဦး ခြေထောက်အရိုးကျိုး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ကားမောင်းသူမှာ ရပ်တန့်ခြင်း မရှိဘဲ ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၂၇) ရက် ည (၈) နာရီဝန်းကျင်က ရီးဂျီးနားဂေါက်ကွင်းလမ်းမှ ဝမ်မိုင်ဘက်သို့ ဆင်းလာတဲ့ မိသားစုဝင် (၄) ဦးပါ ဆိုင်ကယ်နဲ့ ဝမ်မိုင်ဘက်ကနေ ဂေါက်ကွင်းဘက် တက်လာတဲ့ အဖြူရောင် ကားတို့ ဂေါက်ကွင်းကို ရေဆေးတဲ့ ရေစက်ရှေ့မှာ တိုက်မိခဲ့တာလို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

“ကားသမားက ဝမ်မိုင်ကနေ အတက်၊ မိသားစုက ကလေးလေးနှစ်ယောက်နဲ့ လင်မယားနှစ်ယောက် ရီးဂျီးနားကနေ အဆင်း။ ဂေါက်ကွင်းကို ရေဆေးတဲ့ ရေစက်ရှေ့မှာ တိုက်မိပြီး ကားသမားက မရပ်ဘဲ ထွက်ပြေးသွားတာ။” လို့ အဆိုပါ မျက်မြင်တွေ့ရှိသူ တစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းက အခင်းဖြစ်ပွား နေရာသို့ သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိတဲ့ အမျိုးသမီးကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ အမျိုးသမီးမှာ လွယ်စတုံရွာမှာ နေထိုင်သူ အသက် (၃၈) နှစ်အရွယ် မသင်းသင်းခိုင်ဆိုသူဖြစ်ပြီး ညာဘက်ဒူးခေါင်းအောက်ပိုင်းနဲ့ ညာဘက်ခြေသလုံးရှိ အရိုးနှစ်ချောင်း ကျိုးသွားခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပြေးသွားခဲ့တဲ့ ကားမှာအဖြူရောင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

#ယာဉ်တိုက်မှု

#ဆိုင်ကယ်

#ရီးဂျီးနား

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin