Language:

ရှမ်းရှေ့ မိုင်းခတ်မြို့နယ်က မတ်စောက်တဲ့ လမ်းပိုင်း ၁ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်မယ်


ရှမ်းရှေ့ မိုင်းခတ်မြို့နယ်က မတ်စောက်တဲ့ လမ်းပိုင်း ၁ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်မယ်

၂၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်ရှိ အာခဲ–ဝမ်ကောင်းမြေသားလမ်းမှ အတက်အဆင်း မတ်စောက်တဲ့ ၁ မိုင် ၄ ဖာလုံကို ၂၀၂၇–၂၀၂၈ ဘဏ္ဍာနှစ်မှာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန် လျာထားတယ်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

အဆိုပါ လမ်းပိုင်းကို မည်သည့်အချိန်မှာ အဆင့်မြှင့်တင်ပေးနိုင်မလဲဆိုတာကို မိုင်းခတ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်က အောက်တိုဘာ ၂၃ ရက်က ကျင်းပတဲ့

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးရဲ့ ဖြေကြားချက်အရ အာခဲ–ဝမ်ကောင်းလမ်းဟာ မိုင်းခတ်–မိုင်းယန်းလမ်းမကြီး၊ ခြောက်ထပ်ကွေ့ကနေ တစ်ဆင့် ဝမ်ကောင်းမိုင်၊ ဝမ်ကောင်း၊ ဝမ်ကန်နဲ့ အာခဲ–ဝမ်ကောင်းကျေးရွာတွေကို ဆက်သွယ်ပေးထားတဲ့ လမ်းဖြစ်ပြီး စုစုပေါင်း ၄ မိုင် ၄ ဖာလုံ ရှည်လျားတယ်လို့ သိရပါတယ်။

အဲ့ဒီလမ်းကို ၂၀၁၄–၂၀၁၅ ဘဏ္ဍာနှစ်မှာ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ် ရန်ပုံငွေနဲ့ မြေလမ်းအဖြစ် ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ်မှာလည်း လမ်းတာချဲ့ခြင်း၊ အရှည်ပေ ၅၀၀ ရှိ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းနဲ့ ၅ ပေ Box Culvert တစ်စင်း တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လမ်းဟာ ကျေးရွာ ၅ ရွာမှ အိမ်ထောင်စု ၁၇၉ စုနဲ့ လူဦးရေ ၁,၀၇၄ ဦး အသုံးပြုနေတဲ့ ဆက်သွယ်ရေး လမ်းဖြစ်ပြီး လက်ရှိမှာ မတ်စောက်တဲ့ လမ်းပိုင်း ၁ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ ၂၀၂၇–၂၀၂၈ ဘဏ္ဍာနှစ်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ (သို့) ပြည်နယ်ရန်ပုံငွေကနေ လျာထားဆောင်ရွက်သွားမှာလို့ သိရပါတယ်။

#ရှမ်းရှေ့မိုင်းခတ်မြို့နယ်

#မတ်စောက်တဲ့လမ်းပိုင်း

#၁မိုင်၄ဖာလုံ

#ကွန်ကရစ်လမ်း

ဆက်စပ်သတင်းများ

Eastern Thanlwin