၂၃ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်း ပြည်ပ ခရီးသွားတွေ ပိုမိုဝင်ရောက်လည်ပတ်လာနိုင်အောင် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပုသိမ်မြို့နယ် မဲဆန္ဒနယ်မှ ဦးသန်းထွန်းက အောက်တိုဘာ ၂၃ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု၊ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိမှု၊ အလုပ်ကိုင်အခွင့်အလမ်းရရှိမှု၊ ဟိုတယ်၊ စားသောက်ကုန်နဲ့ ပို့ဆောင်ရေးကဏ္ဍတို့ နိုးကြားလာမှု၊ အသေးစားအလတ်စား ဒေသခံစီးပွားရေးလုပ်ငန်းတွေကို အကျိုးပြုတဲ့ စီးပွားရေးကဏ္ဍတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရှိပြီးသားဖြစ်တဲ့ ကမ္ဘာ့အဆင့်မီ ကမ်းခြေစီးပွားရေးလုပ်ငန်းကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရင် အိမ်နီးချင်းနိုင်ငံတွေလို ခရီးသွားလုပ်ငန်းကနေ အဓိကဝင်ငွေ ရရှိနိုင်မှာဖြစ် တယ်လို့ အဆိုရှင်က ပြောပါတယ်။
“ မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်း၊ သဘာဝကမ်းခြေ၊ ကျွန်းစုတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိပေမယ့် ခရီးသွားလုပ်ငန်းကနေ ရရှိတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်တာ မရှိတာကိုတွေ့ရပါတယ်။” လို့ ဦးသန်းထွန်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နိုင်ငံတကာအဆင့် ကမ်းခြေတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ အလားအလာရှိတဲ့ ကမ်းခြေတွေရှိပြီးသားလို့လည်း ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ ၂၀၂၃-၂၄ ခုနှစ် ခရီးသွားဝင်ရောက်မှုကိုကြည့်ပါက ထိုင်းမှာ ခရီးသွားဝင်ရောက်မှု ၃၅ ဒသမ ၅ သန်း ရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၇ ဘီလီယံ၊ မလေးရှားမှာ ခရီးသွားဝင်ရောက်မှု ၂၅ သန်းနဲ့ ဝင်ငွေ ၁၅ ဘီလီ ယံ၊ ဗီယက်နမ်မှာ ခရီးသွားဝင်ရောက်မှု ၁၇ သန်းကျော်ကနေ ဝင်ငွေ ၈ ဘီလီယံ၊ ဖိလစ်ပိုင်မှာ ခရီးသွားဝင်ရောက်မှု ၅ သန်း ကျော်ကနေ ဝင်ငွေ ၉ ဘီလီယံနီးပါး အသီးသီးရရှိခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အဆိုပါနှစ်အတွင်း ခရီးသွားဝင်ရောက်မှု ၁ သန်း ကျော်သာရှိခဲ့လို့ အာဆီယံနိုင်ငံအတွင်းအနိမ့်ဆုံးအဆင့်မှာသာ ရှိနေတယ်လို့ အဆိုရှင်က ပြောပါတယ်။
အာဆီယံနိုင်ငံအတွင်းက နိုင်ငံတွေလို ခရီးသွားတွေ ပိုပြီးဝင်ရောက်လာနိုင်ဖို့ နိုင်ငံတကာအဆင့်မီ မြှင့်တင်တာ၊ အချို့ကမ်းခြေတွေမှာ အထပ်မြင့်ဟိုတယ်တွေ ဆောက်တာတွေကို လုပ်သွားမယ်ဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားတွေ ပိုပြီး ဝင်ရောက်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေ ပိုပြီးရလာနိုင်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပုဂံ၊ ပြင်ဦးလွင်၊ အင်းလေး၊ တောင်ကြီး၊ ကလောနဲ့ ပင်လယ်ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာ၊ မော်တင်စတဲ့ ဒေသတွေကို ဦးစားပေးဆောင်ရွက်ရင် အိမ်နီးချင်းနိုင်ငံတွေလို တိုင်းပြည်ဝင်ငွေနဲ့ GDP ကို အထိုက်အလျောက် အထောက်အကူပြုမှာဖြစ်တယ်လို့ အဆိုရှင် ဦးသန်းထွန်းက ဆိုပါတယ်။
အဆိုကို လက်ခံ ဆွေးနွေးဖို့ သင့်၊ မသင့် လွှတ်တော်ရဲ့ သဘောထားရယူတာမှာ ကန့်ကွက်သူ မရှိတဲ့အတွက် လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

