Language:

အခကြေးငွေဖြင့် ကျူရှင်မသင်ရန် ညွှန်ကြားထားပေမယ့် ဆရာ/ဆရာမများ လိုက်နာမှု အားနည်း


အခကြေးငွေဖြင့် ကျူရှင်မသင်ရန် ညွှန်ကြားထားပေမယ့် ဆရာ/ဆရာမများ လိုက်နာမှု အားနည်း

၁၂ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

ဇင်ကြီး

အခကြေးငွေယူပြီး ကျူရှင်မသင်ကြားဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပေမယ့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ လိုက်နာမှုမရှိဘဲ ကျူရှင်သင်ကြားမှုများ ဆက်လက်တွင်ကျယ်နေကာ ကျူရှင်လစာများ အဆမတန်တောင်းယူနေတယ်လို့ ဒေသခံများ၏ ပြောကြားချက်အရ သိရပါတယ်။

အခြေခံပညာ ကျောင်းဆရာ/ဆရာမများအနေနဲ့ အခကြေးငွေယူကာ ပုဂ္ဂလိကကျူရှင်သင်ကြားခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနက တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ အကြိမ်ကြိမ်ထုတ်ပြန်ထားသော်လည်း လက်တွေ့မှာတော့ သင်ကြားနေပါတယ်လို့ ကျောင်းသားမိဘတို့က ဆိုပါတယ်။

အဆိုပါ ကျူရှင်လစာများကြောင့် ကျောင်းသားမိဘများအနေနဲ့ အခြေခံစားဝတ်နေရေး ရုန်းကန်နေရချိန် ကလေးများရဲ့ ကျူရှင်စရိတ်၊ စာအုပ်စာစောင်ခစသည့် အပိုကုန်ကျစရိတ်များမှာ မိသားစုဝင်ငွေထက် များစွာပိုကုန်ကျနေတယ်လို့ ပြောဆိုချက်အရ သိရပါတယ်။

“ဟုတ်တယ်။ ကျူရှင်လစာတွေက အရင်ကထက်ဆိုရင် ဈေးပိုများလာတယ်။ အန်တီတို့ အိမ်မှာက ကလေး ၃ ယောက်ရှိတယ်။ သူတို့ကျောင်းမှာ စာမလိုက်နိုင်မှာစိုးလို့ အပြင်ကျူရှင်ထားရတာ။ အန်တီတို့လည်း ချမ်းသာတဲ့သူ မဟုတ်ဘူး။ မပြည့်စုံတဲ့ကြားက ကလေးတွေကို ပညာတက်စေချင်လို့ထားတာ။ အခုလို ကျူရှင်လစာ များနေတော့ တစ်လ ၊ တစ်လ ကလေး ၃ ယောက်အတွက် မနည်းရုန်းကန်ရတာပေါ့”လို့ မြို့ဒေသခံ ကျောင်းသားမိဘတစ်ဦးက အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။

တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများ၌ ကလေးတွေ ကျူရှင်ယူရတဲ့အပြင် အခုနောက်ပိုင်း မြို့အနီးဝန်းကျင် ကျောင်းတွေက ကလေးငယ်တွေပါ တစ်လကို ကျူရှင်ခ ဘတ်(၅၀၀)ခန့် အနည်းဆုံး မဖြစ်မနေကောက်ခံတာတွေ ရှိနေတာလို့ ပြောဆိုလာကြပါတယ်။

အခြေခံပညာ ကျောင်းဆရာ/ဆရာမများအနေဖြင့် ကျောင်းသားများအပေါ် ပညာရေး အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ကျောင်းသား/ကျောင်းသူများနှင့် မိဘများအပေါ် မလိုလားအပ်သော စီးပွားရေးဝန်ထုတ်ဝန်ပိုးများ မရှိစေရေး ပညာရေးဝန်ကြီးဌာနက ပုံမှန်ကျောင်းချိန်ပြင်ပမှာ ကျူရှင်သင်ကြားခြင်းမပြုရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ အထူးညွှန်ကြားတားမြစ်ထားတယ်လို့လည်း သိရပါတယ်။

“ကျူရှင်လုံး၀ မပြရဆိုတဲ့ ညွှန်ကြားချက်က ထုတ်ပြီးသား။ သတ်မှတ်ချက်မရှိဘူး။ သတ်မှတ်ချက်မရှိဘူးဆိုတာ ဒီလိုမျိုးပြောချင်တာ။ ကျူရှင်လုံး၀မပြရဆိုတဲ့ ညွှန်ကြားချက်ကို ထုတ်ပြီးသားဖြစ်တဲ့အတွက် ဈေးသတ်မှတ်ခြင်း မရှိဘူးလို့ပြောတာ။ သတ်မှတ်တာကတော့ လုံး၀ ကျူရှင်မပြရဆိုတဲ့ ညွှန်ကြားချက်က ရှိပြီးသား။ အဲ့ဒါကို ဘယ်လောက်ပဲ ပြပါ၊ ဘယ်လောက်ပဲပြပါဆိုတဲ့ ဈေးက အဲ့လို မရှိဘူးလို့ ပြောချင်တာ။ အဓိကကတော့ လုံး၀ ပြခွင့်မရှိဘူး” ဟု တာချီလိတ်ခရိုင် ပညာရေးမှုး ဆရာမဒေါ်ခင်ဝင်းကြည်မှ အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။

ကျောင်းသားမိဘတွေအနေနဲ့ သားသမီးများအပေါ် ကျောင်းချိန်အတွင်း သင်ကြားမှု တိကျပြည့်စုံမှု အားနည်းနေတာနဲ့ အတန်းဖော်တွေအကြားမှာ နောက်ကျကျန်ခဲ့မှာကို စိုးရိမ်တာကြောင့် သားသမီးများအတွက် ငွေကြေးမပြည့်စုံသည့်ကြားက ချေးငှားပြီး ကလေးများကို ကျူရှင်ထားပေးနေကြရပါတယ်။

ထိုကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းအကျပ်အတည်းနဲ့ မိသားစုဝင်ငွေ မလုံလောက်မှုအပြင် အခုလို တားမြစ်ထားတဲ့ကြားက ဆက်လက်လုပ်ဆောင်နေတဲ့ ကျူရှင်သင်ကြားမှုများနှင့် ကြီးမြင့်နေတဲ့ ကျူရှင်ခ နှုန်းထားတို့ကြောင့် ကျောင်းသားမိဘများအတွက် ပိုမိုကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်လာနေတယ်လို့ ဆိုကြပါတယ်

သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ညွှန်ကြားချက်အတိုင်း လက်တွေ့ ထိရောက်စွာ စစ်ဆေးကြပ်မတ်ပေးရန်နှင့် ကျောင်းချိန်အတွင်း သင်ကြားရေးပိုင်းကိုပါ ပိုမိုအားဖြည့်ဆောင်ရွက်ပေးရန် ဒေသခံ မိဘ ပြည်သူများက လိုလားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

#အခကြေးငွေ

#ကျူရှင်မသင်ရ

#ဆရာ/ဆရာမများ

#လိုက်နာမှုအားနည်း

#စာသင်ကြားရေး

#ပညာရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin