Language:

အစိုးရအဖွဲ့ရဲ့လိုငွေ ၂၁၀၀ ဘီလီယံ ထုတ်ချေးခွင့်ပြုဖို့ ဗဟိုဘဏ်က လွှတ်တော်ထံ ခွင့်ပြုချက်တောင်း


အစိုးရအဖွဲ့ရဲ့လိုငွေ ၂၁၀၀ ဘီလီယံ ထုတ်ချေးခွင့်ပြုဖို့ ဗဟိုဘဏ်က လွှတ်တော်ထံ ခွင့်ပြုချက်တောင်း

၇ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)

NPW

နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းရဲ့ လိုငွေ ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာ ၆ ရက် ပြည်ထောင်စုလွှတ်တော် မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က တင်ပြခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အစိုးရငွေတိုက်စာချုပ်တွေကို ဝယ်ယူခြင်းဖြင့် အစိုးရအဖွဲ့ကို ချေးငွေထုတ်ချေးနိုင်ဖို့ မြန်မာနိုင် ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၉၁ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ ခွင့်ပြုချက်ရဖို့ လိုအပ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦး သက်ထွန်းအောင်က ပြောပါတယ်။

“ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းမှာ လိုငွေပေါ်ပေါက်တဲ့အခါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနက ခန့်မှန်းလျာထားချက်အတိုင်း ကျပ် ၂၁၀၀ ဘီလီယံကို ဗဟိုဘဏ်က ချေးယူတာမှာ ယခင်အစိုးရငွေတိုက်လက်မှတ် တွေပေါ်မှာ လေလံပေးတဲ့ ပျှမ်းမျှဈေးကွက်အတိုးနှုန်းအစား ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ကစပြီး ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အထိ အစိုးရ ငွေတိုက်လက်မှတ်အပေါ်မှာ အတိုးနှုန်း ၄ ရာခိုင်နှုန်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဝယ်ယူတဲ့နည်းလမ်းနဲ့ ဖြည့် ဆည်းသွားမှာပဲဖြစ်ပါတယ် ” လို့ ဒုတိယဥက္ကဌက ဆိုပါတယ်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ ပြည် တွင်းကအသားတင်ချေးယူနိုင်တဲ့ အများဆုံးပမာဏမှာ ကျပ် ၁၀၄၃၉ ဒသမ ၆၆၂ ဘီလီယံဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဆီက ကျပ် ၂၁၀၀ ဘီလီယံ ချေးယူဖို့ လျာထားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းရဲ့လိုငွေကို အစိုးရငွေချေးသက်သေခံလက်မှတ်တွေကို လေလံစနစ်နဲ့ရောင်းချဖြည့်ဆည်း ပြီးနောက် လိုငွေဖြစ်ပေါ်မှသာ ဗဟိုဘဏ်ကချေးငွေနဲ့ နောက်ဆုံးဖြည့်တင်းပေးရတာလည်း ဖြစ်ပါတယ်။

ဗဟိုဘဏ်က ချေးငွေနဲ့ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းရဲ့ လိုငွေဖြည့်ဆည်းပေးမှုတွေအနေနဲ့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ကျပ် ၄၆၀၂ ဒသမ ၉၆ ဘီလီယံနဲ့ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၆၀၂ ဒသမ ၅၁ ဘီလီယံသာ ရှိခဲ့တဲ့အတွက် ဗဟို ဘဏ်ချေးငွေနဲ့ ဖြည့်ဆည်းမှုကို တစ်နှစ်ထက် တစ်နှစ် လျော့ချနိုင်ခဲ့တာကလည်း အစိုးရငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက် မှတ်တွေကို လေလံစနစ်နဲ့ တစ်လကို အစိုးရငွေတိုက်စာချုပ်ကို တစ်ကြိမ်၊ ငွေတိုက်လက်မှတ်ကို နှစ်ကြိမ်၊ စုစုပေါင်းလေလံ သုံးကြိမ် ပြုလုပ်ပြီး ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ အများပြည်သူတွေကို ရောင်းချပြီး လိုငွေတွေကို ဖြည့်ဆည်းပေးနိုင် တာကြောင့် ဖြစ်တယ်လို့လည်း ဦးသက်ထွန်းအောင်က ပြောပါတယ်။

ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာလည်း ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အစိုးရငွေတိုက်စာချုပ်တွေကို လေလံစနစ်နဲ့ ၆ ကြိမ်၊ တန်ဖိုးအနေနဲ့ ကျပ် ၂၉၃၈ ဒသမ ၅၅ ဘီလီယံ၊ အစိုးရငွေတိုက်လက်မှတ်တွေကို လေလံစနစ်နဲ့ ၁၂ ကြိမ်၊ တန်ဖိုးအနေနဲ့ ကျပ် ၁၀၉၉၈ ဒသမ ၆၂ ဘီလီယံကို ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ အများပြည်သူတွေကို ရောင်းချပြီး ပြည်ထောင်စုအ စိုးရအပ်ငွေစာရင်းရဲ့ လိုငွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း လစဉ်စာရင်းပိတ်ဆောင် ရွက်မှုအခြေအနေအရ ၂၀၂၆ ခုနှစ် ဇွန်လအထိ ဗဟိုဘဏ်ချေးငွေနဲ့ လိုငွေဖြည့်ဆည်းပေးခဲ့ရတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

#အစိုးရအဖွဲ့

#လိုငွေ၂၁၀၀ဘီလီယံ

#ထုတ်ချေးခွင့်ပြုဖို့

#ဗဟိုဘဏ်က

#လွှတ်တော်ထံ

#ခွင့်ပြုချက်တောင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin