၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
NPW
ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်နဲ့ သဘာဝ ဓါတ်ငွေ့ရည်(LNG) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တစ်လထပ်မံခွင့်ပြုပေးဖို့ကို အောက်တိုဘာ ၆ ရက် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
၂၀၂၆ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေအရ ဒီဇယ်ဆီကို ပြည်ပက တင်သွင်းခြင်းနဲ့ ပြည်တွင်းမှာ ပြန်လည် ရောင်းချခြင်းအပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ သဘာဝဓါတ်ငွေ့ရည်ကို ပြည်ပက တင်သွင်းခြင်းနဲ့ ပြည်တွင်းမှာ ပြန်လည်ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကျသင့်မှာဖြစ်ပါတယ်။
ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ကို ဧပြီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်ထိ ၅ ကြိမ်၊ သဘာဝဓါတ်ငွေ့ရည် (Liquefied Natural Gas)အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ကို မေ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ ၄ ကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။
အခုလို အခွန်လျော့ပေါ့မှုကြောင့် အခွန်လျော့ပါးမှုအနေနဲ့ HSD ဒီဇယ်ဆီအပေါ် ကျပ် ၁၂၅ ဘီလီယံ၊ LNG ပေါ်မှာ ကျပ် ၁၅ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၄၀ ဘီလီယံ ရှိပြီဖြစ်တယ်လို့ တောင်တွင်းကြီးမဲဆန္ဒနယ်က ကိုယ်စားလှယ်ဒေါက်တာ ကျော်ဆွေ က ပြောပါတယ်။
ဒီဇယ်ဆီနဲ့ သဘာဝဓါတ်ငွေ့ရည်အပေါ် အခွန်ကင်းလွတ်ခွင့်ကို အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မမြင့်တက်ရေး၊ သယ် ယူပို့ဆောင်ရေး ကုန်ကျစရိတ်လျော့ချရေးနဲ့ လျှပ်စစ်ဓါတ်အားခ မမြင့်တက်ရေး တို့အတွက်ရည်ရွယ်ပြီး ကင်းလွတ်ခွင့်ပေး ထားတာဖြစ်ပေမယ့် တောင်သူတွေရဲ့ လယ်ယာသုံးစက်ကိရိယာတွေအတွက် စက်သုံးဆီဝယ်ယူမှုအပေါ်မှာတော့ အကျိုး သက်ရောက်မှုရှိသေးဘူးလို့ ဒေါက်တာကျော်ဆွေက ထောက်ပြဆွေးနွေးခဲ့ပါတယ်။
လက်ရှိ စက်သုံးဆီဖြန့်ချိမှုဟာ မော်တော်ယာဉ်လိုင်စင်မှတ်ပုံတင်ကို QR ဖတ်တဲ့စနစ်နဲ့ ဝယ်ယူနေရတာဖြစ်လို့ လယ်ယာသုံး စက်ကိရိယာတွေကို သီးခြားမှတ်တမ်းတင်ထားပြီး စက်သုံးဆီဖြန့်ချိပေးမယ်ဆိုရင် တောင်သူတွေအတွက် အဆင်ပြေနိုင် တယ်လို့ ဆိုပါတယ်။
လယ်ယာသုံးစက်ကိရိယာတွေအတွက် စက်သုံးဆီကို QR စနစ်နဲ့ဝယ်လို့မရတာကြောင့် Normal PO တစ်ဒေါ်လာကို ၃၆၆၅ ကျပ်နဲ့ သွင်းလာတဲ့ အခွန်လျော့ပေးထားတဲ့ ဆီတွေကို ဝယ်ယူခွင့်မရဘဲ Real Time PO တစ်ဒေါ် လာ ၅၂၂၀ ကျပ်နဲ့ သွင်းလာတဲ့ ဆီတွေကိုပဲ ဝယ်သုံးနေကြရတယ်လို့လည်း ပြောပါတယ်။
“ ဒါကြောင့် အခွန်လျော့ပေါ့ပေးမှုဟာ ဦးတည်ထားတဲ့ အုပ်စုဆီကို အကျိုးသက်ရောက်မှုရှိ မရှိ စစ်ဆေးဖို့ ဒီအချက်ကို ဆွေး နွေးတာဖြစ်ပါတယ်။ အခွန်ကင်းလွတ်ခွင့်ကရရှိတဲ့ အကျိုးကျေးဇူးကို ဦးတည်ထားတဲ့အုပ်စုတွေ ရရှိနိုင်ဖို့ အစိုးရအနေနဲ့ မိမိ တို့ ရည်ရွယ်ထားတဲ့ ဦးတည်တဲ့ အုပ်စုကို အခွင့်အရေးရနိုင်တဲ့ နည်းစနစ်ဖန်တီးစေချင်ပါတယ်။ အထူးသဖြင့် စားသောက် ကုန်ထုတ်လုပ်ပေးနေတဲ့ တောင်သူတွေကို လျော့ပေါ့မှုခံစားစေဖို့ လယ်ယာသုံးစက်ကိရိယာအတွက် Fuel Quota သတ်မှတ် ဆောင်ရွက်သင့်ပါတယ်။ လယ်ယာသုံးစက်ကိရိယာအတွက် ဆီဖြန့်ချိနိုင်မှုကို ဒီဂျစ်တယ်စနစ်နဲ့ မှတ်တမ်းတင်နိုင်တဲ့အဆင့် ဆောင်ရွက်စေချင်ပါတယ် ” လို့ ဒေါက်တာကျော်ဆွေက ဆိုပါတယ်။
ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနအနေနဲ့ နှစ်စဉ်အခွန်လျာထားချက်ကျော်လွန်အောင် ကောက်ခံရရှိရေးကိုသာမက အခွန်ရငွေ နဲ့ GDP အချိုး တိုးတက်ရရှိအောင် ဆောင်ရွက်နေတာမှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ အခွန်ရငွေနဲ့ GDP အချိုးဟာ ၅ ဒသ မ ၀၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၈ ဒသမ ၅ ရာခိုင်နှုန်းရအောင် ဆောင်ရွက်ခဲ့တာ ကျပ် ၁၅ ဒသမ ၁၇၃ ထရီ လီယံရခဲ့တဲ့အတွက် အခွန်နဲ့ GDP အချိုးမှာ ၈ ဒသမ ၅၅ ရှိခဲ့တယ်လို့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန် ဝင်းအောင်က ပြောပါတယ်။
၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်မှာလည်း အခွန်ရငွေနဲ့ GDP အချိုးကို ၉ ဒသမ ၅ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
အဆိုပါစက်သုံးဆီအပေါ် အခွန်ကင်းလွတ်ခွင့်ကို ကန့်ကွက်မဲပေးသူရှိပေမယ့် ထောက်ခံမဲများတဲ့တွက် ပြည်ထောင်စုလွှတ် တော်က သဘောတူအတည်ခဲ့တာဖြစ်ပါတယ်။

