၅ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin )
ဖိုးစည်
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ (၅)ရက် မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး၊ အမျိုးသမီး (၈) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် (၁၀) နာရီ မိနစ်(၄၀)အချိန်မှာ စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာနဲ့ ကုန်းကျေးရွာအနီး မုံရွာ – မန္တလေးကားလမ်းပေါ်မှာ ယာဉ်(၂) စီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီသူတွေထံက သိရပါတယ်။
“စစ်ကိုင်းကို လာတဲ့ ကျောင်းသားမိဘနဲ့ မိသားစုတွေလို့ သိရတယ်။ သေဆုံးသူက ယောက်ျားလေး (၂)ယောက်နဲ့ မိန်းကလေး (၈)ယောက်ပါ ။ စစ်ကိုင်းဆေးရုံကို ပို့လိုက်ပါပြီ” လို့ သွားရောက်ကူညီခဲ့တဲ့ သုခကာရီလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသမီး (၃)ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ သုခရာရီလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နဲ့ စစ်ကိုင်းကုတင်(၃၀၀) ပြည်သူဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အခင်းဖြစ်နေရာသို့ စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထုံးဘိုအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ ကြက်ခြေနီအသင်းမှ လူနာတင်ယာဉ်(၁) စီး၊ အိုးဘိုလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်(၂)စီး၊ ပညာမောင်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်(၁)စီး၊ သုခကာရီလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းသားများ၊ လူမှုကူညီရေးအသင်းများ သွားရောက် ကူညီပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
#ကျား(၂)ဦး
#မုံရွာ-မန္တလေးကားလမ်း

