၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် ညာဘက်ပခုံးဒဏ်ရာကြောင့် ၂၀၂၇ နှစ်လယ်လောက်မှသာ ပွဲတွေ ပြန်လည်ထိုးသတ်နိုင်မယ်လို့ အာဗန်က မီဒီယာတွေနဲ့ တွေ့ဆုံစဥ်ပြော ဆိုလိုက်ပါတယ်။
မကြာသေးခင်က ဘရာဇီးဖိုက်တာကို ထိုးသတ်အနိုင်ယူကာ ရွှေခါးပတ်ကို ကာကွယ်ထားတဲ့ အာဗန်ရဲ့ ပြောဆိုချက်အရ ပခုံးဒဏ်ရာကို MRI စစ်ဆေးပြီးဖြစ်သော်လည်း ရလဒ်မှာ မျှော်လင့်ထားသကဲ့သို့ မကောင်းမွန်ခဲ့ဘူးလို့ဆိုပါတယ်။
“ဒဏ်ရာကို MRI စစ်ပြီးပါပြီ။ ရလဒ်ကတော့ မကောင်းပါဘူး။ နောက်နှစ်အစောပိုင်းလောက်အထိ ပွဲမထိုးနိုင်သေးဘူး။ နှစ်လယ်ပိုင်းလောက်မှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိပါမယ်။ လက်ရှိမှာတော့ ဒဏ်ရာကြောင့် ပုံမှန်လေ့ကျင့်ရေးတွေ မပြုလုပ်နိုင်သေးဘဲ တစ်လဝန်းကျင် အနားယူရတော့မှာပါ။” လို့ အာဗန်က ပြောပါတယ်။
အာဗန်ဟာ ညာဘက် ပခုံးအဆစ်အရွတ်ပြဲတဲ့ AC Joint Tear ဒဏ်ရာကို ပန်တိုဂျာနဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ မတိုင်မီ တစ်လခန့်အလို လေ့ကျင့်ရေးပြုလုပ်နေစဉ် ရရှိခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာကြောင့် လက်သီးထိုးတာနဲ့ နပန်းလေ့ကျင့်တာတွေကို ပုံမှန်မပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲမတိုင်မီ နှစ်ပတ်ခန့်အလိုမှသာ လေ့ကျင့်မှု အပြည့်အဝ ပြန်လည်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပန်တိုဂျာနဲ့ ထိုးသတ်တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဗန်က ပြောဆိုခဲ့တာပါ။
ပွဲကို ရွှေ့ဆိုင်းဖို့ မလိုလားတဲ့အတွက် ပန်တိုဂျာနဲ့ ချန်ပီယံကာကွယ်ပွဲ ပြီးဆုံးပြီးမှသာ MRI စစ်ဆေးခဲ့တာပါလို့ အာဗန်က ပြောပါတယ်။
အာဗန်ဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၆ ခုနှစ်အထိ (၃) နှစ်အတွင်း UFC မှာ ပွဲပေါင်း (၁၂) ပွဲ ထိုးသတ်ထားပြီး ပျမ်းမျှအားဖြင့် တစ်နှစ်ကို (၃)ပွဲခန့် ယှဉ်ပြိုင်ထားသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အနိုင်ရပြီးနောက် UFC မှာ (၈)ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ အာဗန်ဟာ ဖလိုင်းဝိတ်တန်းရဲ့ ဆက်တိုက်နိုင်ပွဲမှတ်တမ်းမှာလည်း အဆင့် (၂) နေရာကို ရောက်ရှိလာခဲ့ပါတယ်။

