၂၇ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ နယ်စပ်ဖြတ်ကျော်သွားလာမည့် ထိုင်းနိုင်ငံသားများအား မြန်မာနိုင်ငံ၏ ဥပဒေများနှင့် ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်နှင့် ဥပဒေချိုးဖောက်နိုင်သည့် အပြုအမူများကို ရှောင်ရှားကြရန် သတိပေးထားတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဇူလိုင်လ (၂၇) ရက်တွင် ထုတ်ပြန်သည့် အသိပေးချက်အရ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဝရာယုကွမ်းဘွန်က တာချီလိတ်သို့ အပန်းဖြေခရီးသွားခြင်း၊ ဈေးဝယ်ခြင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာကိစ္စများဖြင့် သွားရောက်ကြသူများအနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေများကို ကြိုတင်သိရှိထားပြီး တင်းတင်းကျပ်ကျပ် လိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
၎င်းက ခရီးသွားများအနေဖြင့် ကန့်သတ်နယ်မြေများသို့ ဝင်ရောက်ခြင်း၊ ယာဉ်စည်းကမ်းချိုးဖောက်ခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ တရားမဝင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ခြင်း၊ ဓာတ်ပုံရိုက်ခွင့်မပြုထားသည့် နေရာများတွင် ဓာတ်ပုံရိုက်ကူးခြင်းအပါအဝင် ဒေသဆိုင်ရာဥပဒေများနှင့် ဆန့်ကျင်သည့် မည်သည့်လုပ်ရပ်မဆို ရှောင်ရှားသင့်ကြောင်း သတိပေးခဲ့ ခြင်းဖြစ်ပါတယ်။
ထိုသို့ ဥပဒေချိုးဖောက်ပါက မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်ဆေးမေးမြန်းခြင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေအရ အရေးယူခံရနိုင်ကြောင်းလည်း အသိပေးထားပါတယ်။
အာဏာပိုင်များက နယ်စပ်ဖြတ်ကျော်မည့်သူများအား ကိုယ်ရေးအထောက်အထား စာရွက်စာတမ်းများကို ပြည့်စုံစွာယူဆောင်ထားရန်၊ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာရန်နှင့် အရေးပေါ်အခြေအနေ ကြုံတွေ့ပါက နယ်စပ်ဂိတ်ရှိ ထိုင်းတာဝန်ရှိသူများ သို့မဟုတ် သက်ဆိုင်ရာ အစိုးရဌာနများထံ ချက်ချင်းအကူအညီတောင်းခံရန် တိုက်တွန်းထားပါတယ်။
ယင်းသတိပေးချက်မှာ နယ်စပ်ဖြတ်ကျော်သွားလာသူများ၏ လုံခြုံရေးကို မြှင့်တင်ရန်နှင့် အိမ်နီးချင်းနိုင်ငံ၏ ဥပဒေချိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ကြိုတင်ကာကွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

