၂၁ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ (၁၉) ရက်နဲ့ (၂၀) ရက် (၂) ရက်တာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်ပါတီ ညီလာခံကနေ ပါတီဥက္ကဋ္ဌ နေရာအတွက် ယခင် ဥက္ကဋ္ဌ ဦးခင်ရီကိုသာ ပြန်လည် ရွေးချယ်ခဲ့ကြတယ်လို့ ပါတီတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ယမန်နေ့ စက်တင်ဘာ (၂၀) ရက် ပါတီညီလာခံ နောက်ဆုံးရက်မှာ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် (၄၆) ဦးကို ရွေးချယ်ခဲ့ကြရာမှာ ဦးခင်ရီက မဲအများဆုံးရပြီး ပါတီ ဥက္ကဋ္ဌနေရာကို အရွေးချယ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ပါတီ ဒုဥက္ကဋ္ဌတွေအဖြစ် ဦးသောင်းအေးနဲ့ ဦးမြတ်ဟိန်းကို တာဝန်ပေးခဲ့ပြီး ယခင် ဒုဥက္ကဋ္ဌဟောင်း ဦးမျိုးဇော်သိန်းကတော့ ပါတီညီလာခံကိုပင် တက်ရောက်တာ မတွေ့ရဘူးလို့လည်း ဆိုကြပါတယ်။
” ဥက္ကဋ္ဌကတော့ ဦးခင်ရီပဲ ပြန်ဖြစ်တယ်၊ ဒုဥက္ကဋ္ဌတွေကတော့ ဦးသောင်းအေးနဲ့ ဦးမြတ်ဟိန်း ဖြစ်သွားတာပေါ့” လို ပါတီဝင်တစ်ဦးက အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။
အဆိုပါ (၂) ရက်တာကျင်းပခဲ့တဲ့ ပါတီညီလာခံကို ပါတီဗဟိုအတိုင်ပင်ခံတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးကျော်ဆန်း၊ ဦးသိန်းအောင်တို တက်ရောက်ခဲ့ကြပြီး ပါတီရဲ့ ဗဟိုအတိုင်ပင်ခံတွေအနေနဲ့ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိင်အနေနဲ့ ပြည်ထောင်စု ဖွံ့ဖြိုးရေးနှင့် ကြံ့ခိုင်ရေးပါတီဝင် ဖြစ်လာတယ်လို့လည်း စက်တင်ဘာ (၂၀)ရက် ညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီပြောခွင့်ရသူ ဦးလှသိန်းက တရားဝင်ထုတ်ဖော်ပြောကြားသွားပါတယ်။
စက်တင်ဘာ (၂၀)ရက်က ကျင်းပခဲ့တဲ့ ညီလာခံနောက်ဆုံးနေ့မှာ ပါတီရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးတွေ အပါအဝင် ဗဟိုအလုပ်မှုဆောင် (၄၆) ယောက်ကို မဲပေးရွေးချယ်ခဲ့ကြပြီး ပါတီအတွင်းရေးမှူးတွေအဖြစ် ဦးတင်အောင်ချစ်နဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးအောင်စိုးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

